BREAKING
January 22, 2025

အာဏာသိမ်းကာလအတွင်း ကြက်မွေးမြူရေး‌စရိတ် သုံးဆကျော်မြင့်တက်

November 27, 2024

အာဏာသိမ်းကာလ ရက်ပေါင်း ၁၃၀၀ ကျော်အတွင်း အသားတိုးကြက်မွေးမြူရေးစရိတ် သုံးဆကျော်အထိ မြင့်တက်လာသဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း ထားဝယ်ခရိုင်ရှိ မွေးမြူရေးသမားအချို့က ပြောဆိုသည်။

အာဏာမသိမ်းခင်က ကြက်အကောင်ရေတစ်ထောင် မွေးမြူရန်အတွက် စရိတ်ကျပ်သိန်း ၃၀ ခန့်သာလိုအပ်သော်လည်း လက်ရှိတွင်မူ ကျပ်သိန်းတစ်ရာခန့်လိုအပ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

ကြက်သားပေါက်ဈေး၊ အစာဈေး၊ ကာကွယ်ဆေးတို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်မြင့်တက်လာသဖြင့် မွေးမြူရေးစရိတ်တိုးလာခြင်းဖြစ်ကြောင်း ၎င်းတို့ကရှင်းပြသည်။

အသားတိုးကြက်သားပေါက်ဈေးမှာ အာဏာမသိမ်းခင်က တစ်ကောင်လျှင်ကျပ် ၅၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် တစ်ကောင် ၃၅၀၀ ကျပ်ဈေးပေါက်နေကြောင်း မွေးမြူရေးသမားတို့ကဆိုသည်။

ယင်းပမာဏမှာ အာဏာမသိမ်မီအချိန်ကထက် ၇ ဆခန့် ‌ဈေးမြင့်တက်သွားခြင်းဖြစ်သည်။

အလားတူ ကြက်စာ‌ဈေးမှာလည်း အာဏာမသိမ်းခင်က တစ်အိတ်လျှင် ကျပ် ၃၈,၀၀၀ ခန့်သာရှိရာမှ သုံးဆကျော်မြင့်တက်သွားပြီး တစ်အိတ်လျှင် ၁၃၀,၀၀၀ ဝန်းကျင်ဖြစ်နေကြောင်း ၎င်းတို့ကဆိုသည်။

“ကြက်စာတွေက ဈေးကြီးလာပေမယ့် အရည်းအသွေးကျတော့ အရင်လိုမပြည့်တော့ဘူး။ တစ်ချို့ကြက်စာတွေထဲမှာဆို ပြောင်းဖူးတွေ၊ ဆန်တွေ ရောရောပြီးပါလာလေ့ရှိတယ်။ အစာအရည်အသွေးမကောင်းတော့ (ကြက်တွေ) အသေအပျောက်များတာပေါ့ရှင်” ဟုထားဝယ်မြို့နယ်ရှိ ကြက်မွေးမြူရေးသမားတစ်ဦးကဆိုသည်။

အလားတူ ကာကွယ်ဆေးဈေးနှုန်းလည်း ခင်ကဆေးတစ်ဗူးလျှင် ကျပ် ၄၅၀၀ ခန့်မှ လက်ရှိတွင် ကျပ် ၃၀,၀၀၀ ကျော်အထိအထိ မြင့်တက်သွားကြောင်း ထားဝယ်ခရိုင်ရှိကြက်မွေးမြူရေးသမားအချို့က ပြောသည်။

“အရင်ကဆို ကျွန်တော်တို့မှာ အကောင်တစ်ထောင်လောက်မွေးရင် (ကျပ်) ဆယ်သိန်းလောက်ကျန်တယ်။ အခုဆိုရင် သုံးလေးသိန်းကျန်ရင်တောင် ကံကောင်း” ဟု လောင်းလုံးမြို့နယ်ရှိ ကြက်မွေးမြူရေးသမား ကိုသားကြီးက ပြောသည်။

ကြက်မွေးမြူရေးသမားတို့က တွက်ခြေမကိုက်ကြောင်း ညည်းတွားနေသော်လည်း ဈေးကွက်ထဲတွင်မူ အသားစားကြက်ဈေးနှုန်းမှာ အခြားကုန်စည်များကဲ့သို့ပင် စျေးနှုန်းမြင့်တက်နေကြောင်း စားသုံးသူအချို့က ပြောဆိုသည်။

လက်ရှိထားဝယ်ဈေးကွက်တွင် ကြက်တစ်‌ကောင် ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ကြား ဈေးပေါက်နေသည်။ အရွယ်အစားအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်အပြောင်းအလဲ ရှိသည့်အပြင် ပိဿာချိန်ဖြင့် ရောင်းချမှုများလည်းရှိသည်။

အာဏာမသိမ်းခင်ကမူ အသားတိုးကြက်တစ်ကောင်လျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်သာဈေး‌ရှိသည်ဟု ဆိုသည်။

မွေးမြူရေးစရိတ်မြင့်တက်လာသည့်အပြင် ကြက်မွေးမြူရေးသမားတို့ နောက်ထပ်ရင်ဆိုင်နေရသည့် အခက်အခဲမှာ ‌စစ်ကြောင်းထိုးမှုများဖြစ်သည်။

“စစ်ကြောင်းထိုးလာရင် ရှိသမျှထားပစ်ပြီးပြေးရတာပဲ။ အဲအချိန်ဆို ကြက်တွေကိုလည်း အစာတွေ၊ ရေတွေမလဲပေးနိုင်၊ သန့်ရှင်းရေးလည်း မလုပ်ပေးနိုင်ဘဲ သုံးလေးငါးရက်ပစ်ပြီးပြေးရတာတွေရှိတယ်။ မွေးမြူရေးကြက်ဆိုတာ သိတဲ့အတိုင်းပဲ ပုံမှန်သန့်ရှင်းရေးမလုပ်ပေးနိုင်၊ အစာ‌တွေ ရေတွေ မလဲပေးနိုင်ရင် ရောဂါဝင်ပြီး အကုန်သေသွားနိုင်တာ” ဟု ဟု ကိုသားကြီးက ရှင်းပြသည်။

လက်ရှိတွင် ကြက်မွေးမြူရေးလုပ်ငန်းမှာ အရင်းအနှီးကြီးပြီး ဆုံးရှုံးနိုင်ချေမြင့်မားသဖြင့် စွန့်စားလုပ်ကိုင်ရသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနေကြောင်း ထားဝယ်ခရိုင်ရှိ မွေးမြူရေးသမားများက ငြီးတွားပြောဆိုကြသည်။