မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်လိုက်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က အစင်ကျေးရွာအဝင် တံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး)များက ဆိုင်ကယ်နှစ်စီးဖြင့်လာသော လူငယ် လေးဦးကို ရပ်တန့်ခိုင်းရာ မရပ်ပေး၍ဟုဆိုပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ပြည်သူ့စစ်တပ်ဖွဲ့တို့၏ လိုက်လံပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ တင်ပါးကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။
“ဆိုင်ကယ်နှစ်စီးကို လိုက်ပစ်တာ။ လမ်းမှာဆိုတော့ လမ်းသွားလမ်းလာတွေက ရှိနေတယ်လေ။ အဲမှာ ကိုယ်ဝန်အမျိုးသမီးကို သွားထိတာ။ သူတို့ လိုက်ပစ်တဲ့ ကလေးတွေက ဆိုင်ကယ်နဲ့ဆိုတော့ မထိဘဲနဲ့ လွတ်သွားတယ်” ဟု အစင်းကျေးရွာခံတစ်ဦးက ပြောသည်။
ပြည်သူ့စစ်အဖွဲ့က လိုက်လံပစ်ခတ်သည့် လူငယ်လေးဦးအနက် တစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း ကျန်သုံးဦးက ထွက်ပြေးလွတ်မြောက် သွားကြောင်း ဒေသခံတို့က ပြောသည်။
ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ရေးမြို့ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း အစင်ကျေးရွာအဝင် တံတားထိပ် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်မရပ်ပေး၍ဟုဆိုကာ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးက သေဆုံးသွားခဲ့သေးသည်။
အစင်းကျေးရွာထိပ်ရှိ စစ်ကောင်စီ တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် စစ်ကာင်စီ လက်ပါးစေ ပျူစောထီးများလည်းရှိနေပြီး လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးခြင်း၊ မသင်္ကာသူကို ဖမ်းဆီးခြင်း၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယင်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်လေ့ရှိသည်။