အထွက်နည်းနေသဖြင့် ရာသီပေါ်စ ကွမ်းသီးအမှည့် ဈေးကောင်းရနေပြီး နှစ်ဆနီးပါးဈေးတက်နေကြောင်း ဘုတ်ပြင်းမြို့နယ်မှ ဒေသခံတောင်သူများက ဆိုသည်။
လက်ရှိတွင် ကွမ်းသီးမှည့်တစ်လုံးကို ၆၀ ကျပ် မှ ၇၅ ကျပ် အထိ ဈေးပေါက်နေကြောင်း ၎င်းတို့ထံမှ သိရသည်။
ပြီးခဲ့သည့်ကွမ်းသီးမှည့်ရာသီအစကမူ တစ်လုံးလျှင် ၃၀ ကျပ် မှ ၄၅ ကျပ် ဝန်းကျင်ဈေးရှိကြောင်း တောင်သူအချို့က ပြောသည်။
လက်ရှိတွင် ဒေသထွက် ကွမ်းသီးမှည့်များကို ရန်ကုန်၊ မော်လမြိုင်၊ မြိတ်နှင့် ထားဝယ်မြို့ရှိ ကွမ်းသီးကုန်သည်များက အဓိကလာဝယ်နေကြကြောင်း ဒေသခံတောင်သူများက ဆိုသည်။
“ကွမ်းသီးနုဈေးကောင်းတဲ့ အချိန်တုန်းက စားဝတ်နေရေးအဆင်မပြေလို့ ကောက်ရောင်းလိုက်တယ်။ အခုကွမ်းသီးမှည့်ရာသီကျတော့ အပင်မှာကွမ်းသီးအမှည့်တွေက အများကြီးမကျန်တော့ဘူး ”ဟု ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောသည်။
ဘုတ်ပြင်းမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ တောင်သူအချို့က ကွမ်းသီးနုဈေးကောင်းရချိန် ရောင်းလိုက်ကြခြင်းကြောင့် ကွမ်းသီးမှည့် ရှားလာကြောင်း တောင်သူများနှင့် ကွမ်းသီးရောင်းဝယ်နေသည့် ကုန်သည်အချို့က ဆိုသည်။
တနင်္သာရီတိုင်းကထွက်သည့် ကွမ်းသီးနုကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများက ဝယ်ယူကြသည့်အတွက် ကွမ်းသီးနု ဈေးကွက်တစ်ခုပေါ်နေခြင်းဖြစ်သည်။
ထိုကြောင့်လည်း တိုင်းအတွင်း ကွမ်းသီးမှည့်ရှားပါးလာပြီး ဝယ်ယူရခက်ခဲကာ ဈေးတက်လာခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်နေသည့် မြိတ်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီနှစ် ကွမ်းသီးမှည့် ဝယ်ရတာပင်ပန်းတယ်။ ကိုယ်တိုင်လိုက်ရှာဝယ်နေရတယ်။ အရှေ့နှစ်ကဆို အိမ်မှာလာရောင်းတဲ့ သူတွေများတော့ အဆင်ပြေတယ်”ဟု ၎င်းက ပြောသည်။
ကွမ်းသီးနုခူးရောင်းလိုက်သဖြင့် ကွမ်းသီးပင် ပန်းအပွင့်စောခြင်း၊ ပန်းခြောက်ခြင်း၊ အသီးကင်းကြွေခြင်းစသည့် ဆိုးကျိုးများဖြစ်နေကြောင်း ကွမ်းစိုက်တောင်သူများက ဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ကွမ်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြသည်။