တနင်္သာရီမြို့နယ်တွင် တပ်ဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး တောင်ပိုင်းညီနောင်စစ်ကြောင်း ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ထုတ်ပြန်ကြေညာလိုက်သည်။
မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA ကော်သူးလေကျားကြီး ကွန်မန်ဒိုအဖွဲ့နှင့် PLA ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Southern Brother Army တောင်ပိုင်းညီနောင်များစစ်ကြောင်း (S B A) ကို ဖွဲ့စည်းလိုက်ကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင် ထုတ်ပြန်သည်။
ခွပ်ဒေါင်းတမန်စစ်ကြောင်းနှင့် KTLA ကော်သူးလေတပ်မတော်တို့သည် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များ ဖြစ်သည်။
တပ်ပေါင်းစုစစ်ကြောင်း S B A အနေဖြင့် စစ်ရေးအရှိန် ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုကဲ့သို့ ပူးပေါင်းဖွဲ့စည်းလိုက်သည့်အတွက် စစ်ရေးအရှိန်မြှင့်ရန် အားသာချက်များစွာရှိသလို ရဲဘော်အင်အားများ လာသည့်အတွက် လိုအပ်ချက်လည်း များစွာလည်း ရှိလာကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုဇေက ပြောသည်။
“ဒီလိုစုပေါင်းအားနှင့် တော်လှန်မယ်ဆို ပိုပြီး ခရီးရောက်မြန်သွားတာပေါ့” ဟု ရဲဘော် ကိုဇေက ပြောဆိုသည်။
တနင်္သာရီမြို့နယ်တွင် မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းထားသည့် အမှတ် (၁) နှင့် အမှတ် (၂) စစ်ကြောင်းနှစ်ကြောင်းရှိသည်။
ယခု တောင်ပိုင်းညီနောင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းလိုက်သဖြင့် တနင်္သာရီမြို့နယ်အတွင်း ပူးပေါင်းစစ်ကြောင်း သုံးကြောင်းအထိ ရှိလာပြီဖြစ်သည်။