BREAKING
January 13, 2025

ထားဝယ်ဒေသအတွင်းရှိ သက်တမ်းရှည်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲများ အကျဉ်းချုံးကျင်းပ

November 27, 2023

ပုံစာ - ယနေ့ ကံပေါက်တွင်လှည့်လည်ပူဇော်ခံခဲ့သည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ။

ညောင်ဇင်၊ ကံပေါက်နှင့် လောင်းလုံးမြို့ တို့တွင် ကျင်းပသည့် ထားဝယ်ခရိုင်အတွင်းရှိ သက်တမ်းရှည် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲများကို ယခုနှစ်တွင်လည်း အကျဥ်းချုံးကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲစီစဥ်သူများနှင့် ဒေသခံများထံက သိရသည်။

နှစ် ၈၀ နီးပါး သက်တမ်းရှိသည့် ညောင်ဇင်ရွာဘုရားပွဲနှင့် ကံပေါက်ရွာဘုရားပွဲကို နိုဝင်ဘာလ ၂၇ရက် (ယနေ့) မွန်းလွဲပိုင်းက ကျေးရွာအတွင်း မော်တော်ယာဥ်များဖြင့် ရုပ်ပွားတော်များပင့်ဆောင်၍ လှည့်လည်ပြီးဖြစ်ကြောင်း ပွဲစီစဥ်သူများက ပြောသည်။

“အရင်နှစ်ကလိုပဲ ဘုရားတွေ ရွာထဲကားနဲ့ပင့်ပြီးလှည့်လိုက်တယ်။ ဘုရားတွေတောင်ကျောင်း ပြန်ရောက်နေပြီ” ဟု ကံပေါက်ရွာဘုရားပွဲ စီစဥ်ရာတွင် ပါဝင်သည့် ဆရာတော်တစ်ပါးက မိန့်သည်။

ကံပေါက်ရွာနှင့် ညောင်ဇင်ရွာတွင် ယခုနှစ်ကျင်းပသည့်ဘုရားပွဲသည် ယခင်ကျင်းပသည့် ဘုရားပွဲ များကဲ့သို့ ရပ်ကွက်ပေါင်းစုံဂေါပကအဖွဲ့များ စုစည်းခြင်းမျိုးမဟုတ်ဘဲ ဘုန်းကြီးကျောင်းက စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကိုဗစ်ကာလနှင့် စစ်ရေးပဋိပက္ခများကြောင့် ညောင်ဇင်ရွာနှင့် ကံပေါက်ရွာတွင် ၂၀၁၉ ခုနှစ်ကစပြီး ဘုရားပွဲရပ်နားခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မှစ၍ ပြန်လည်ကျင်းပခြင်းဖြစ်သည်။

လောင်းလုံးမြို့တွင်လည်း ပွဲတော်သက်တမ်း ၉၁ နှစ်ရှိ ဘုရားကိုးဆူလှည့်လည်ပွဲကို နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပရန်စီစဥ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ပွဲတော်သက်တမ်း နှစ် ၅၀နှင့်အထက်ရှိသည့် ကနက်သီရီရွာဘုရားပွဲကိုမူ ဒေသခံအများစု စစ်ဘေးရှောင်အဖြစ် ထွက်ပြေးနေရသဖြင့် မကျင်းပနိုင်သလို နှစ် ၃၀နီးပါးသက်တမ်းရှိသည့် သရက်ချောင်းမြို့ ဘုရားပွဲကိုလည်း မကျင်းပဖြစ်ကြောင်း ၎င်းဒေသခံများက ပြောသည်။

ကျေးရွာအလိုက်ကျင်းပသည့် ဘုရားလှည့်ပွဲများကိုလည်း စုစုစည်းစည်းမကျင်းပနိုင်ဘဲ မိမိရပ်ရွာအလိုက် ကန့်သတ်ကျင်းပခြင်းမျိုးရှိကြောင်း ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာလ ၂၆ တွင် ထားဝယ်မြို့တွင် ၃ နှစ်ကြာ ရပ်နားထားသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ညဘက်အစား နေ့ဘက်ပြောင်းလဲကျင်းပခဲ့သည်။

အဖိတ်နေ့ည ထားဝယ်ဘုရားပွဲ ပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်တွင် ကျင်းပလေ့ရှိသည့် ညောင်ဇင်၊ ကံပေါက်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ကနက်သီရိဘုရားပွဲများသည် လည်း ထားဝယ်ဒေသအတွင်း နာမည်ကျော်တန်ဆောင်တိုင်ဘုရားပွဲများဖြစ်ကြသည်။