ထားဝယ်မြို့ စည်ပင်သာယာဈေးရုံကြီး နိုဝင်ဘာလ ၂၈ ရက် မနက်ဖြန်တစ်ရက်ပိတ်မည်ဖြစ်ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
စျေးကို သန့်ရှင်းရေးလုပ်မည်ဟုဆိုကာ ဈေးတာဝန်ရှိသူများက ဈေးသူဈေးသားများကို နှုတ်ဖြင့်လိုက်လံပြောကြားခဲ့ကြောင်း ဈေးရောင်းသူတစ်ဦးက ပြောသည်။
“ရေဖြန်းမယ် ပြောတယ်။ ရေဖြန်းမယ်ဆိုတော့ မီးသတ်တွေပေါ့နော်” ဟု သူမကပြောသည်။
ယခင်က တနင်္ဂနွေ စျေးပိတ်ရက်တွင်သာ ဈေးသန့်ရှင်းရေး လုပ်လေ့ရှိသော်လည်း ယခု စျေးဖွင့်ရက်တွင် လုပ်ဆောင်ခြင်းကြောင့် ဈေးသူဈေးသားများကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“အရင်က ပိတ်ရက်တွေသာလုပ်တာ။ အခုက ဈေးရောင်းဈေးဝယ်လုပ်တဲ့ ကြားရက်လုပ်တော့ ဈေးလာဝယ်တဲ့ နယ်ကလူတွေ အခက်တွေ့နိုင်တာပေါ့” ဟု ဈေးသည်တစ်ဦးက ပြောသည်။
ဈေးတစ်ရက်ပိတ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက စစ်ရေးပြသင်တန်းလုပ်မည်ဟု ယခုရက်ပိုင်း ပြင်ပနှင့် လူမှုကွန်ရက်ပေါ်တွင် ပြောဆိုကြသည်ကို တွေ့ရသည်။
ယင်းသို့ သတင်းထွက်နေသည့်အပေါ် ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကို ဆက်သွယ်မေးမြန်းရာ “အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေးမီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှာပါ။ နှစ်တိုင်းလည်း လုပ်နေကျပါ” ဟု ဖြေကြားသည်။
လေ့ကျင့်ချိန် နာရီဝက်၊ လေးဆယ့်ငါး မိနစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်းလည်း ဆိုသည်။
ယင်းသို့ လေ့ကျင့်မှုကို ယခင်နှစ်များကဲ့သို့ စျေးပိတ်ရတွင်မလုပ်ဘဲ စျေးဖွင့်ရက်တွင် ပြုလုပ်သည့် အကြောင်းအရင်းကို ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူးကို မေးမြန်းရာ “အထက်က ညွှန်ကြားတဲ့ သတ်မှတ်ရက်” ဖြစ်သည်ဟု ဖြေကြားသည်။
ထားဝယ်စည်ပင်သာယာဈေးရုံကြီးသည် ဝါတွင်းကာလတွင် ဥပုသ်နေ့ ပိတ်ပြီး ဝါပကာလတွင် တနင်္ဂနွေနေ့တို့တွင် ပိတ်သည်။
ဈေးရုံကြီးပိတ်ပြီး အပြင် ဈေးတန်း နေ့ထက်ဝက် ဖွင့်လှစ်ရောင်းချသည် တနင်္ဂနွေနေ့နှင့် ဝါတွင်း ဥပုသ်နေ့များတွင် နယ်ဒေသက ဈေးဝယ်သူအများစု လာရောက်ဝယ်ယူလေ့ မရှိကြဘဲ စျေးဖွင့်ရက်များတွင်သာ လာရောက် ဝယ်ယူလေ့ရှိကြကြောင်း စျေးသူ၊ စျေးသားများထံမှ သိရသည်။