BREAKING
January 13, 2025

ဘုရားလှည့်ပွဲညက ထားဝယ်မြို့တွင်း နေရာနှစ်ခုကို စစ်ကောင်စီတပ်စီးနင်းရှာဖွေ

November 27, 2023

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (PDF) များကို ရှာဖွေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ထားဝယ်မြို့တွင်း နေရာနှစ်ခုကို စီးနင်းရှာဖွေခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ဘုမ္မော်ရပ်ကွက် စောမိညိုလမ်းနှင့် ကြက်စားပြင်ရပ်ကွက်ရှိ ကာစတန်ဆိပ်ကမ်းအနီးတို့ကို တစ်ပြိုက်နက် စီးနင်းရှာဖွေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

ထားဝယ်မြို့ထဲ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအပြီး နိုဝင်ဘာလ ၂၆ ရက် ည ၁၀ နာရီခွဲကျော်တွင် စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

စောမိညိုလမ်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး နေအိမ်ရှိလူများကို အောက်သို့ခေါ်ချကာ မှောက်ခိုင်းထားသည်ဟု မြို့ခံအချို့က ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်ပေါ်သို့ တက်ရောက်ရှာဖွေပြီး ‌ရွှေ၊ ငွေ အပါအဝင် အဖိုတန်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများကို ယူဆောင်သွားခဲ့ကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။

“အိမ်ပေါ်က လူတွေ အကုန်ခေါ်ချပြီးရင် မှောက်ခိုင်းထားပြီးပြီဆိုတော့ အိမ်ပေါ်မှာ လူမရှိတော့ဘူးလေ။ သူတို့စိတ်ကြိုက် ယူချင်တာယူလို့ ရသွားတာပေါ့” ဟု စောမိညိုလမ်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။

စောမိညို ဘုန်းကြီးကျောင်းဝင်းထဲ အလှူလုပ်ရန် ချက်ပြုတ်နေသူတို့လည်း စစ်ဆေးခံရသည်ဟု ဆိုသည်။ 

စောမိညိုလမ်းတွင် လယ်ယာမြေကို မြေဖို့နေထိုင်သည့် နေအိမ်ငါးဆယ်ခန့်ရှိပြီး အိမ်တိုင်းနီးပါး စစ်ဆေးခံရသည်ဟုဆိုသည်။

“ခေါင်းစဉ်တပ်တာက PDF တွေ ရှာတာဆိုပြီး အိမ်ပေါ်မှာ လိုချင်တာအကုန်ယူသွားကြတယ်။ လူတွေတော့ ဖမ်းသွားတာ မရှိဘူး” ဟု စောမိညိုလမ်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

တစ်ချိန်တည်းတွင် ကြက်စာပြင်ရပ်ကွက် ကာစတန်အနီးရှိနေရာတစ်ခုကိုလည်း စီးနင်းရှာဖွေခဲ့ပြီး အရပ်သား များကို ဖမ်းသွားသည်ဟု သတင်းကြားရကြောင်း ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

“ဝင်ဖမ်းတာကတော့ သေချာတယ်။ လူသုံးဆယ်လောက် ပါသွားတယ်လို့ ပြောသံကြားတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အရပ်သားဖမ်းဆီးခံရမှုကို Dawei Watch က သီးခြားအတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဘုရားလှည့်ပွဲနေ့ မတိုင်မီ သုံးရက်ခန့်အလိုက ထားဝယ်မြို့ထဲ မြို့သစ်ဘက်ခြမ်းတွင် သေနတ်သံများထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ကားများလည်း ခြေရှုပ်နေခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

ဘုရားလှည့်ပွဲနေ့ နံနက်စောစောပိုင်းတွင်မူ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံခဲ့ရသည်။

ယင်းနောက် စစ်ကောင်စီတပ်က မြို့ထဲလမ်းဆုံလမ်းခွများတွင် နေရာယူပြီး လုံခြုံရေးတင်းကျပ်ထားခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။