<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၃)
အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်က စစ်သည်တော်များ)
အခန်း-၂၄-
(၁) တပ်ရင်းညီလာခံနဲ့ ကော်မီတီသစ်၊ တပ်မှူးသစ်များ ရွေးချယ်ခြင်း
တပတ်၊ ၇ ရက်သာကြာမယ်ထင်ပြီး ခေါ်လိုက်တဲ့ တပ်ရင်းညီလာခံဟာ ၁၀ ရက်ကျော်တဲ့အထိ ဆွေးနွေးစရာ မကုန်သေးဘူး ဖြစ်နေပါတယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ တခြားအဖွဲ့စည်းတွေ မတူတဲ့အချက်ကို တင်ပြလိုပါတယ်။
ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ နယ်စပ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအဖွဲ့စည်းတွေ အစည်းဝေးလုပ်တဲ့အခါ ဘယ်နှစ်ရက်လုပ်မယ်၊ ဆွေးနွေးမယ့်အကြောင်းအရာက ဘာတွေဖြစ်တယ် စသဖြင့် အတိအကျသတ်မှတ်ပြီး ၂ ရက်၊ ၃ ရက်နဲ့ ပြတ်အောင်လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒီလို ကြိုတင်ကန့်သတ်ထားတာကို မကြိုက်ဘူး။ လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးရမယ်ဆိုပြီး ငြင်းလိုက်ခုန်လိုက်နဲ့ ၁၅ ရက်တိတိ ကြာသွားပါတယ်။
ညီလာခံအတွင်း ဆွေးနွေးတဲ့ အချက်တွေထဲက အရေးကြီးတဲ့အချက်တွေအဖြစ် ကျနော် မှတ်မိ သလောက်ကတော့ ရွေးကောက်ပွဲမှာ NLD ပါတီက နိုင်သွားတဲ့အတွက် NLD အစိုးရအသစ် ပေါ်လာရင် ABSDF ဘယ်လို ဆက်လက်ရပ်တည်မလဲဆိုတဲ့ နိုင်ငံရေးကိစ္စ ပါပါတယ်။
နောက်တခါ ရှေ့တန်းမှာ KNU နဲ့ ပူးတွဲလှုပ်ရှားတဲ့အခါ ကျောင်းသားတွေက ရွာရှေ့မှာ လူထုတရားဟောပွဲလုပ်၊ KNU က နောက်မှာ ရွာအုပ်ချုပ်ရေးချပြီး အခွန်ကောက်နေတဲ့ကိစ္စ ကော်မတီက ဖြေရှင်းပေးပါဆိုတဲ့ မဟာမိတ်ဆက်ဆံရေးကိစ္စ ပါပါတယ်။ နောက်တခါ ပင်လယ်ပြင်ဆီ တိုးချဲ့ထိုးဖောက်ရေးကိစ္စ ပါတယ်လို့ ထင်ပါတယ်။
တကယ်တော့ အဲဒီလို အရေးကြီးတဲ့ကိစ္စတွေအတွက် အချိန်သိပ်ကုန်တာ မဟုတ်ပါဘူး။ အစည်းအဝေးဆုံးဖြတ်ချက်၊ မှတ်တမ်းတင်ချက် တကြောင်းချင်းစီကို စကားလုံး စီတာကအစ သတ်ပုံ အမှားအမှန်အထိ ညီလာခံမှာ ဆွေးနွေး ငြင်းခုန်နေတဲ့အတွက် အခုလို အချိန် ၁၅ ရက် ကြာသွားတာဖြစ်မလားလို့ ကျနော် ပြန်စဉ်းစားနေမိပါတယ်။
ဒါပေမယ့် ဒီညီလာခံအပါဝင် ABSDF ညီလာခံ အသီးသီး၊ အစည်းဝေးအသီးသီးရဲ့ ဝေါဟာရငြင်းခုန်ပွဲ၊ သတ်ပုံငြင်းခုံပွဲတွေဟာ အလားကား အချိန်ဖြုန်းရုံ သက်သက်တော့ ဖြစ်ပုံမရပါဘူး။ ဘာကြောင့်လဲဆိုရင် Federal ကို မြန်မာမှုပြုတဲ့အခါ “ဖက်-ဒရယ်မူ” လို့ ရေးမလား။ “ဖယ်-ဒရယ်မူ” လို့ရေးမလားဆိုတဲ့ “ဖက်” နဲ့ “ဖယ်” စကားလုံး ၂ လုံးအပေါ် ကျောင်းသားတွေရဲ့ ရွေးချယ်မှုပုံစံကို အထူးစိတ်ဝင်စား မိတယ်လို့ KNU ပဒိုတဦးဖြစ်သူ တပ်မဟာ ၄ ဒေသ ကျောင်းသားရေးရာတာဝန်ခံ မန်းငြိမ်းမောင်က ပြောဖူးပါတယ်။
“ဖယ်” ဆိုတာဟာ ကျဉ်ဖယ်၊ ရှောင်ဖယ်တဲ့သဘောဖြစ်ပြီး “ဖက်” ဆိုတာက ဖက်တွယ်ခြင်း၊ တဦးနဲ့တဦး ပွေ့ဖက်ခြင်း၊ ချစ်ကြည်ခြင်းသဘောကို ဆောင်တဲ့အတွက် “ဖယ်” အစား “ဖက်” ကို သုံးတယ်လို့ ကျိုးဖိုး ဘာသာဗေဒဆရာတွေရဲ့ ရှင်းလင်းချက်ကို သူ အထူးသဘောကျမိတယ်လို့ ပဒိုမန်းငြိမ်းမောင် ပြောခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။
ဒီလိုငြင်းခုံမှုမျိုးစုံနဲ့ သတင်း ၂ ပတ်ကြာခဲ့တဲ့ ညီလာခံနောက်ဆုံးနေ့မှာတော့ စခန်းကော်မတီ ပြန်ရွေးတာ၊ တပ်မှူးတွေ ပြန်ရွေးတာ၊ ပြန်လည် အတည်ပြုတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုတွေအရ အရန်ဗဟိုကော်မတီနဲ့ စခန်းကော်မတီ စည်းရုံးရေးတာဝန်ခံ ကိုဌေးအောင် ဗဟိုဌာနချုပ်ဆီသွားတာကို အတည်ပြုပါတယ်။ နောက် လစ်လပ် စခန်းကော်မတီနေရာအတွက် တပ်ထောက်ဗိုလ်ကြီး ကျနော့် (ဝင်းထိန်)ကို စခန်းကော်မတီ ထောက်ပံ့ရေးတာဝန်ခံအဖြစ် ညီလာခံကနေ ရွေးချယ်လိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ် တက်နေတဲ့ ကျောင်းသားတဦးဖြစ်သူ ထားဝယ်မှ ကိုမြင့်လွင်က တပ်ထောက်ဗိုလ်ကြီး ဖြစ်လာပါတယ်။
တပ်ရေးဗိုလ်ကြီး ကိုအေးသော်က တခြားတာဝန်ထမ်းဖို့ ရှိတယ်ဆိုပြီး နုတ်ထွက်သွားတဲ့အတွက် တပ်ခွဲ ၁-က ဒုခွဲမှူးဖြစ်သူ ကိုပြည်ဆောင်ဦးက တပ်ရေးဗိုလ်ကြီး ဖြစ်လာပါတယ်။ ခွဲ ၁-က တပ်စုမှူးတဦးဖြစ်သူ ကိုမျိုးအောင် ခေါ် ဖိုးတုတ်ကြီး (၁၉၉၁-မှာကျဆုံး) က ဒု ခွဲမှူးဖြစ်လာပါတယ်။ တပ်ခွဲ ၃-က ခွဲမှူး ကိုမြင့်အောင် ဗဟိုဖက်ဆီ တာဝန်ပြောင်းတဲ့အတွက် ဒုခွဲမှူး ကိုဘုန်းကျော်က တပ်ခွဲမှူးဖြစ်လာပြီး တပ်စုမှူးတဦးဖြစ်သူ ကိုအောင်နိုင် (၁၉၉၄-မှာကျဆုံး) က ဒုခွဲမှူး ဖြစ်လာပါတယ်။ တပ်ရင်း အရာခံဗိုလ်ကတော့ ကိုဝင်းအောင် (အခုအမေရိကန်) ဖြစ်ပါတယ်။
ဒီနေရာမှာ စခန်းကော်မတီနဲ့ တပ်မှူးတွေ ဘယ်လို အာဏာ (တာဝန်) ခွဲဝေသလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကော်မတီနဲ့ တပ်မှူး ပေါင်းထားတဲ့ဖွဲ့စည်းပုံကို ဘယ်ကနေ ကော်ပီကူးထားမှန်း အတိအကျမသိပေမယ့် အကြမ်းအားဖြင့်ကတော့ ကျနော်တို့အရင် တောထဲမှာရှိသမျှ လက်နက်ကိုင် အဖွဲ့အတော်များများ ဒီဖွဲ့စည်းပုံနဲ့ ခရီးနှင်ခဲ့တာကို ကျနော်သတိပြုမိပါတယ်။
ဥပမာအားဖြင့် ဗကပ-မှာဆိုရင် ခရိုင်နိုင်ငံရေးမှူးနဲ့ ခရိုင်တပ်မှူးဆိုပြီး ဗိုလ် ၂ ဦးကို ပူးတွဲတာဝန်ပေးထားပါတယ်။ KNU မှာလည်း အလားတူ ခပ်ဆင်ဆင်ပါပဲ။ ခရိုင်ဥက္ကဋ္ဌနဲ့ တပ်မဟာမှူး၊ မြို့နယ်ဥက္ကဋ္ဌနဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး စသဖြင့် ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးထားတာ တွေ့ရပါတယ်။ အလားတူ ပြည်ချစ်ခေတ်ကလည်း တပ်ရင်းနိုင်ငံရေးမှူးနဲ့ တပ်ရင်းမှူးဆိုပြီး ဗိုလ် ၂ ဦးကို တွဲပြီးတာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
(၂) ကော်မီတီလေး ဖြစ်ချင်သည်…
ဒါကြောင့် ကျနော်တို့ ကျိုးဖိုးတပ်မတော်ဟာလည်း ကမ္ဘာမှာ ပထမဆုံး ပေါ်လာတဲ့ တခုတည်းသော တပ်မတော်လို့ ကြွေးကြော်ထားပေမဲ့ ဖွဲ့စည်းပုံကတော့ နောင်တော် သူပုန်တပ်တွေဆီကပဲ ပုံတူ ကူးထားပုံံရပါတယ်။
ကျနော်ရဲ့ တောတွင်းကာလ ၁၀ နှစ်တာ ဖြတ်သန်းမှုအတွေ့အကြုံအရ ဒီလိုစခန်းကော်မီတီနဲ့ တပ်မှူးတွေ တွဲဖက်တာဝန် ပေးထားတဲ့ခေတ်ဟာ စခန်းအတွက် အလုပ်အဖြစ်ဆုံး ကာလအဖြစ် ကျနော် အမှတ်ရနေပါတယ်။ ၁၉၉၁ နောက်ပိုင်း စခန်းကော်မီတီကိုဖျက်ပြီး တပ်ရင်းမှူးနဲ့ တပ်မှူးတွေ သက်သက်က ဦးစီးတဲ့ခေတ်မှာတော့ တပ်ရင်းမှူးမှာ အာဏာ (တာဝန်နဲ့ လုပ်ပိုင်ခွင့်) သိပ်များလာပြီး တဦးတည်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမိန့်ပေးနိုင်တဲ့ အဆင့်အထိ ရောက်သွားတာကို တွေ့ရဖူးပါတယ်။
ဒါက တပ်ရင်းရုံးရှိရာ အစည်းဝေးခန်းမထဲက ဆွေးနွေးငြင်းခုန်မှုတွေ။ အဲဒီကာလ အသုံးအနှုန်း အတိုင်းဆိုရင်တော့ “နိုင်ငံရေး အဘိဓမ္မာတွေ” ပေါ့။ ဒါပေမယ့် ရဲဘော်အများစုရှိတဲ့ ဘားတိုက်တွေမှာတော့ ဒီကိစ္စတွေကို သိပ်စိတ်ဝင်စားပုံ မပြပါ။
ဂစ်တာတွေဘာတွေနဲ့ သီချင်းဆိုသူဆို၊ ဟိုအကြောင်း ဒီအကြောင်းပွားသူနဲ့ ကော်မတီကို ဝေဖန်နေကြပါတယ်။ ရဲဘော်တွေ သီဆိုနေတဲ့ ဟောဒီသီချင်းကို နားထောင်ကြည့်မယ်ဆိုရင် အဲဒီကာလ ကော်မတီရဲ့ သြဇာကြီးပုံနဲ့ အမြင်ကပ်ခံရပုံကို ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။
“… ကော်မီတီလေး ဖြစ်ချင်သည် …
ဘန်ကောက်၊ မဲဆောက်ကို ခဏခဏသွားမည် …
ဘာဘာညာညာ ဝယ်ခဲ့မည် …”
အဆိုတော်လွှမ်းမိုးရဲ့ “အခုတော့ ပါစပ်ရာဇဝင်လေးတခု ဖြစ်လို့ကျန်ခဲ့ပြီ” သီချင်းထဲက မူလစာသားတွေဖြစ်တဲ့ “မှော်ဆရာလေးဖြစ်ချင်သည် … ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည် …” ကို စာသားပြောင်းဆိုထားတဲ့ ကျိုးဖိုးများရဲ့ ကော်မတီသရော်စာ သီချင်းများစွာထဲက ထင်ရှားတဲ့တပုဒ် ဖြစ်ပါတယ်။
နောက်ထပ် ထင်ရှားတဲ့ တပုဒ်ကတော့ …
“ကော်မတီအတွက်ဆို ကြက်ကိုလည်း ဝယ်ပါမည် …
နေပါစေ ငါတို့အတွက်တော့ ပဲဟင်းနဲ့တော်ပြီ …”
ဒီသီချင်းကတော့ အခန်း ၈ မှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း ကိုထူးအိမ်သင် ရန်ကုန်မပြန်ခင် ရေးပေးခဲ့တဲ့ “အဆုံးသတ်တိုက်ပွဲ” သီချင်းထဲက ပြောင်မြောက်လှတဲ့ မူလစာသားတွေဖြစ်တဲ့ …
“နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ … သေပစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ” … ကို စာသားပြောင်းထားတဲ့ ကျိုးဖိုးများရဲ့ နောက်ထပ် ကော်မတီသရော်စာ သီချင်းတပုဒ်ဖြစ်ပါတယ်။
အဲဒီကာလဟာ စခန်းတခုနဲ့တခုအကြား ပုံမှန်ဆက်သွယ်ဖို့ ဆက်သွယ်ရေးစက်တွေ မရှိသေးပါ။ ဒါပေမယ့် သေဘောဘိုးစခန်းဘက်မှာ နာမည်ကြီးနေတဲ့ အဲဒီသီချင်း ကျနော်တို့ခစန်းဆီ ဘယ်လိုကနေ ဘယ်လို ရောက်လာသလဲတော့ မသိပါ။
အဲဒီထက် ပိုဆိုးတာကတော့ ကျောင်းသားတပ်မတော်ရဲ့ သန္နိဌာန် ၄ ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် သန္နိဌာန်ပြုပါသည်” ဆိုတဲ့ စကားလုံးကိုတောင် နောက်ပြောင်ပြီး “ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ အသက်စွန့် တိုက်ပွဲဝင်သွားရန် ငါ၏မိန်းမနှင့် တိုင်ပင်ပါဦးမည်” ဆိုပြီး လှောင်ပြောင်တဲ့အထိ ကျောင်းသားတွေအကြား ဒီမိုကရေစီအခွင့်ရေးတွေ ရနေတယ်ဆိုပါတော့။
(၃) ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ
ကော်မတီနဲ့ပတ်သက်ပြီး ဒီလိုလှောင်ပြောင်တဲ့ စကားလုံးတွေ ထွက်နေသလို တချို့စခန်းတွေဆိုရင် ရွေးလိုက်တဲ့ကော်မတီဟာ ၃-၄-လလောက်ပဲခံပြီး မကြာခဏ ကော်မတီရွေးရင်းနဲ့ အုပ်ချုပ်မှု မတည်ငြိမ်တဲ့ စခန်းအတော်များများ ရှိခဲ့တယ်လို့သိရပါတယ်။
ဒီလို ကော်မတီ ခဏခဏပြောင်းတာကိုတောင် ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းအဖြစ် ကျောင်းသားတချို့က မြင်ကြပါတယ်။ ဒါပေမယ့် တချို့ကျောင်းသားတွေကတော့ ဒီမိုကရေစီ အခွင့်ရေးဆိုတာဟာ ဒီမိုကရေစီရပြီးမှသာ ကျင့်သုံးနိုင်တဲ့ အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်နေဆဲကာလမှာ ဒီမိုကရေစီကျင့်စဉ်အတိုင်း လုပ်လို့မဖြစ်နိုင်သေးဘူးလို့ ငြင်းချက်ထုတ်ကြပါတယ်။
ကျနော်တို့ ကျောင်းသားတွေကြားမှာ ဒီလို လွတ်လပ်စွာ သဘောထားကွဲပြီး အလွန်အကျွံ ဒီမိုကရေစီကျင့်သုံးကာ လွတ်လပ်စွာ ငြင်းခုန်နေကြပေမယ့် ကျနော်တို့ရဲ့မဟာမိတ် KNU နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအတွက်တော့ ဒါတွေဟာ အထူးအဆန်း ဖြစ်နေပုံရပါတယ်။ လက်နက်ကိုင်အဖွဲ့ဆိုတာဟာ စစ်တပ်ဖြစ်တဲ့အတွက် တပ်မှူးက အမိန့်ပေးတဲ့အတိုင်း တသွေး၊ တသံ၊ တမိန့်နဲ့ သွားရမယ့်အချိန်မှာ ဒီလိုမျိုး လွတ်လပ်စွာ သဘောထားကွဲပြီး ဝေဖန်ငြင်းခုံနေကြပုံကို သူတို့တွေ နားလည်နိုင်ပုံမရပါဘူး။
ကျနော်မှတ်မိသလောက်ဆိုရင် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထီးခီး မဟာိတ်ဆက်ဆံရေးရုံးမှာတွေ့တဲ့ KNU အရာရှိ တချို့နဲ့ ကျနော်တို့ကျောင်းသားတွေကြား ဆွေးနွေး ငြင်းခုံဖူးပါတယ်။ အဲဒီကာလတွေက KNU ဟာ ၄ နှစ်တကြိမ်၊ ၅ နှစ်တကြိမ် ပုံမှန်ညီလာခံတွေ မလုပ်နိုင်တဲ့အတွက် ရာသက်ပန် ဥက္ကဋ္ဌတို့၊ အမြဲတမ်း ဗဟိုကော်မတီဝင်တို့နဲ့ စခန်းသွားနေဆဲ အချိန်ဖြစ်ပါတယ်။
ဒါပေမယ့် KNU ပဒိုတွေဖက်က ပြောတာကလည်း သူ့အမြင်နဲ့သူ၊ သူ့အတွေ့အကြုံနဲ့သူတော့ သဘာဝကျနေသလို ဖြစ်နေပြန်ပါတယ်။ “တောထဲမှာ အချိန်ကြာလာရင် ခင်ဗျားတို့သိလာလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ခေါင်းဆောင် ခဏခဏပြောင်းလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ပဒိုတဦးက ပြောခဲ့ဖူးတာကို ကျနော်မှတ်မိနေဆဲ ဖြစ်ပါတယ်။
အခုနှစ် ၂၀ ကြာပြီးတဲ့အခါမှာတော့ ကျနော်တို့ကျောင်းသားတွေဟာ ဒီမိုကရေစီကို အလွန်အကျွံ ကျင့်သုံးခဲ့တဲ့ တဖက်စွန်းကိုများ ရောက်ခဲ့လေသလား။ တခြား မဟာမိတ်အဖွဲ့တွေကတော့ အဖွဲ့အစည်းတည်ငြိမ်ရေးကို ဦးစားပေးရင်းနဲ့ ရာသက်ပန် ဥက္ကဋ္ဌထားရေးဘက်ကို အစွန်းရောက်သွားခဲ့လေသလားလို့ ပြန်စဉ်းစားနေမိပါတယ်။
တချိန်တည်းမှာပဲ လက်နက်ကိုင် တော်လှန်ရေးဆိုတာဟာ အချိန်တွေကြာလာတာနဲ့အမျှ ခေါင်းဆောင်အပြောင်းလဲလုပ်ဖို့ ပိုခက်သွားတတ်သလားဆိုပြီးလည်း ကျနော်စဉ်းစားနေမိပြန်ပါတယ်။
ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုသဘောတရားတွေကို စဉ်းစားနေဖို့ အချိန်မရပါဘူး။ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ဆန်နဲ့ရိက္ခာ အချိန်မီထုတ်ပေးနိုင်ဖို့ အပါအဝင် နေ့စဉ်ကြုံတွေ့နေရတဲ့ ဗူးသီးဓားထိုးမှုတွေနဲ့ စခန်းကော်မတီအားလုံး အလုပ်ရှုပ်နေပါတယ်။
အဲဒီအမှုတွေထဲမှာ မနက် ၇ နာရီ၊ အလံတိုင်ရှေ့မှာ တန်းစီပြီး ခွပ်ဒေါင်းအလံကို အလေးပြုဖို့ ပျက်ကွက်တဲ့အမှုအတွက် ရဲဘော်တွေကို မြက်ရှင်းခိုင်းတာမျိုး၊ အမာရာရွာဆီသွားပြီး အရက်ခိုးသောက်သူကို ၁၂ နာရီကြာ ထိပ်တုံးခတ်တာမျိုး၊ နောက်တခါ ညဘက် ကင်းအိပ်တဲ့အမှု၊ ကင်းသမားအတွက် ပေးထားတဲ့ ဓာတ်မီးထဲက ဓာတ်ခဲအသစ်ကို အဟောင်းနဲ့လဲပြီး ခိုးယူမှု၊ အမျိုးသမီးဘားတိုက်ကို ချောင်းကြည့်မှု၊ ရည်စားစာပေးမှု စသဖြင့် စုံနေတာပါပဲ။
အဲဒီလိုအမှုတွေထဲကမှ အများစိတ်ဝင်စားပြီး အခုချိန်အထိ ကျနော်တို့ကြား ပြောစမှတ်ဖြစ်နေတဲ့ အမှုတခုကတော့ ကျနော် (မဲဆောက်ဖက်ကနေ) မင်းသမီးစခန်းဆီ ပြန်မရောက်ခင်လေး ၁၉၈၉ ဒီဇင်ဘာလောက်မှာ ဖြစ်ပွားခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတပုဒ်ပါ။
ရှေ့မှာပြောခဲ့တဲ့အတိုင်း တော်လှန်ရေးအစောပိုင်း ကာလတွေဟာ စည်းကမ်းတွေ အလွန်တင်းကျပ်ပြီး အဲဒီထဲမှာ ရည်းစားစာ မပေးရ၊ ရည်စားမထားရ၊ အများမမြင်နိုင်တဲ့အရပ်မှာ အမျိုးသားနဲ့ အမျိုးသမီး တဦးချင်းမတွေ့ရဆိုတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။ ဒီစည်းကမ်းချက်တွေအတိုင်း အတိအကျ လိုက်နာမှုရှိ မရှိ စုံစမ်း-ဖေါ်ထုတ်ရသူတွေကတော့ စခန်းကော်မတီ စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့ပေါ့။
ဒီလိုနဲ့ ညနေစောင်းတခုမှာတော့ လူမမြင်တဲ့ ကြခတ်ဝါးရုံတောအတွင်း ချိန်းတွေ့တဲ့ အတွဲတတွဲကို စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ဖမ်းမိလာတယ်ဆိုပါတယ်။ အဲဒီအတွဲကို ကော်မတီရုံးမှာ စစ်တဲ့အခါ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က “စည်းကမ်း ထိမ်းသိမ်းနေတာလား၊ အတွဲလိုက်ချောင်းနေတာလား“ ဆိုပြီး အငြင်းပွားမှု ဖြစ်ခဲ့ပါသေးတယ်။
စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ဘက်က တင်ပြတာကတော့ ဒီအတွဲဟာ စည်းကမ်းဖောက်လို့ ဒီလိုဖမ်းလာတယ်ပေါ့။ ဒါပေမယ့် ဖမ်းဆီးခံ စုံတွဲဘက်ကတော့ ဒါကို လက်မခံပဲ “ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်” ဆိုပြီး ပြန်စွပ်စွဲတယ်လို့ ဆိုပါတယ်။
ပြီးတော့ အဲဒီအမျိုးသမီး ဆက်ပြောတာက “ကိုယ်ကြိုက်လို့ ကိုယ့်ရည်းစားနဲ့ ကိုယ်တွေ့တာ ကော်မတီနဲ့ ဘာဆိုင်လဲ။ ဒီမိုကရေစီအတွက် တိုက်နေတယ်ပြောပြီး ရည်စားတောင် လွတ်လွတ်လပ်လပ် ထားလို့မရတဲ့ ဒီမိုကရေစီက ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ။ ဒီလို ဒီမိုကရေစီမျိုးတော့ ကျမ မလိုချင်တော့ဘူး” ဆိုပြီး ကော်မတီတွေရှေ့မှာ ငိုချလိုက်တယ်လို့ဆိုပါတယ်။
ဒီအမှုကို စိတ်ဝင်တစား နားစွင့်နေတဲ့ ရဲဘော်ထုကြားမှာတော့ ဒီသတင်းက ချက်ချင်းပြန့်သွားပြီး “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုတဲ့စကားလုံးက ရေပန်းစားသွားပါတယ်။
ဒီလိုနဲ့ ကျနော်မင်းသမီးစခန်းဆီ ပြန်ရောက်စအချိန်မှာ ဒီစကားလုံးက ရဲဘောထုအကြား အတွင်ကျယ်ဆုံး စကားလုံးဖြစ်နေပြီး တခုခုပြောဖို့အကွက်ဝင်တာနဲ့ “ဘယ်လိုမျိုး ဒီမိုကရေစီကြီးလဲ” ဆိုပြီး နောက်ပြောင်လေ့ရှိတာကို ကျနော်မှတ်မိနေပါတယ်။
……………………..
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂၅)>>>>>
ထက်အောင်ကျော်