BREAKING
January 11, 2025

စစ်ဘေးရှောင်ဒေသခံ နေအိမ်များကို စစ်ကောင်စီတပ် ဖောက်ထွင်းပြီး ဆိုင်ကယ်အများအပြားယူဆောင်

October 27, 2024

ပုံစာ - ပလမြို့အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ် (ပုံဟောင်း)

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းကာ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ကြဲကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သား အင်အားရာနှင့်ချီတိုးချဲ့ ချထားရာက အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများရက်ဆက်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် အဆိုပါဒေသဝန်းကျင်ရှိ ဒေသခံများလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရသည်။

ထိုသို့စစ်ဘေးရှောင်နေရသည့် ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ မင်းပြင်နှင့် ဘိုင်းပြင်ရွာ စသည့် ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ ဆိုင်ကယ်များနှင့် အဖိုးတန်ပစ္စည်းအများအပြား ယူဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုက မီးမရှို့ဘူး။ တစ်အိမ်ဝင် တစ်အိမ်ထွက်ပစ္စည်းအကုန်ယူ။ ဆိုင်ကယ် မနည်းရ(ဘူး) ပါသွားတာ။ မြေတင်ကားနဲ့ တိုက်နေတာ လေးရက်လောက်ရှိပြီ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည်မှာ ၁၂ရက်ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်သားများက ဒေသခံများ၏ ပစ္စည်းအများ အပြားကို ယူဆောင်သွားသည်ဟု ကြားရကြောင်း ဒေသခံအမျိုးသမီး အခြားတစ်ဦးက ပြောဆိုသည်။

ဘိုင်းပြင်ရွာရှိ ဆိုင်ကယ်အရောင်းဆိုင်တွင်လည်း စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို ကားဖြင့် အကြိမ်ကြိမ်သယ်ဆောင်နေကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။

“ထပ်ခါ ထပ်ခါသယ်နေလို့ ဆိုင်အတွင်း ဘာမှမရှိတော့ဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါပစ္စည်းများအား ပလမြို့ဘက်သို့ ကားများဖြင့်သယ်ဆောင်လာပြီး မည်သည့်နေရာသို့ ပို့ဆောင်သည့်နေရာကိုမူ မသိရကြောင်း ပလမြို့အနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သားများ ယူဆောင်သွားသည့် ဆိုင်ကယ်အရေအတွက်ကိုမူ မသိရသေးပေ။

အဆိုပါကျေးရွာများမှာ ပုလော-မြိတ်ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိသည်။