BREAKING
February 26, 2025

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံး

October 27, 2023

ပုံစာ- ဓာတ်လိုက်သေဆုံးသူကို နာရေးကူညီမှုအသင်းက သယ်ထုတ်နေစဉ်။

မြိတ်မြို့တွင် ယနေ့ ညနေပိုင်းက အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

မြိတ်တောင်ကျေးရွာအုပ်စု အရှေ့သိမ်ကျောင်းအနီး နေအိမ်တစ်ဆောင်တွင် ယနေ့ အောက်တိုဘာလ ၂၇ ရက်ညနေ ၄ နာရီခန့်က အိမ်အမိုးထပ်ဆောက်လုပ်နေရာ မီးကြိုးဖြင့် ထိမိပြီး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

“အပေါ်ထပ်မှာ သစ်ပြားသယ်ရင်းနဲ့ မီးကြိုးနဲ့ သွားထိမိသွားတာ” ဟု နာရေးကူညီမှုအသင်းဝင်က ပြောဆိုသည်။

နေအိမ်နှစ်ထပ်တိုက် အပေါ်ထပ်ရှိ အမိုးတပ်ဆင်ရာတွင် အသုံးပြုရန် သစ်ပြားအား သယ်ယူနေစဉ် လမ်းဘက်ရှိမီးကြိုးဖြင့်ထိမိကာ ဓာတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ နေအိမ်ဆောက်လုပ်နေစဉ်အတွင်း အလုပ်သမားနှစ်ဦး ဓာတ်လိုက်ခံရပြီး တစ်ဦးမှာ သတိလစ်ကာ၊ ကျန်တစ်ဦးမှာ နေအိမ်အောက်ထပ်သို့ ပြုတ်ကျခဲ့ဖူးကြောင်း နာရေးကူညီမှု အသင်းဝင်က ပြောပြသည်။

ဓာတ်လိုက်ခဲ့သည့် ဓာတ်ကြိုးသည် မိန်းလမ်းမပေါ်တွင် သွယ်တန်းထားပြီး ဗို့အားများသဖြင့် မီးပွားများပင် လွင့်စင်ခဲ့ကြောင်း အရှေ့သိမ်ကျောင်းအနီးနေသူ အချို့က ပြောသည်။

အဆိုပါ ဓာတ်လိုက် သေဆုံးသွားသည့် အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားအား စစ်တပ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။

မြိတ်တွင် ဇူလိုင်လမှ အောက်တိုဘာလအထိ ဓာတ်လိုက်သေဆုံးသူ သုံးဦးရှိပြီဖြစ်သည်။

ဇူလိုင်လအတွင်းက ရွှေပြည်ရပ်ကွက်တွင် Wifi ကြိုးတပ်ဆင်သည့် အမျိုးသားတစ်ဦးနှင့် ဩဂုတ်လအတွင်းက ဇေယျာသီရိ ၄ ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်မှ ပန်းရံဆရာတစ်ဦးတို့ ဓာတ်လိုက်သေဆုံးခဲ့ရပြီး ဖြစ်သည်။