ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက ကန့်သတ်ထားသည့် ညမထွက်ရအချိန်အား အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ လျှော့ချလိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ယခင်က ညမထွက်ရအချိန်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့ညမှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
အချိန်လျှော့ချ ပြောင်းလဲသတ်မှတ်ကြောင်းကို ထားဝယ်မြို့အတွင်း လှည့်လည်ကြေညာနေသည့်အပြင် စည်ပင်သာယာဈေးကြီးနှင့် ကားဂိတ်တွင်လည်း လော်စပီကာဖြင့် လိုက်အော်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
အခြားမြို့ခံတစ်ဦးကမူ စစ်ကောင်စီက ညမထွက်ရအချိန်လျှော့ချလိုက်သော်လည်း စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီး၊ စစ်ဆေးမှုများလုပ်မည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများမှာ သွားလာရဲမည် မထင်ကြောင်း ဆိုသည်။
“ဖြေလျှော့လည်းဘယ်သူမှ မထွက်တော့ဘူး။ ဈေးသမားတွေအတွက်တော့ အဆင်ပြေမယ်။ မနက်ပိုင်းအချိန် လျှော့ရင်လေ။ ညအတွက်တော့ မထူးဘူး။ ညကတော့ မထွက်ရဲကြဘူး” ဟု အဆိုပါ မြို့ခံက ပြောသည်။
ထားဝယ်မြို့တွင် ညမထွက်ရအမိန့်အား စစ်အာဏာသိမ်းပြီးလပိုင်းအကြာတွင် ထုတ်ပြန်ကန့်သတ်ခဲ့သည်။
ယခုနှစ်တွင်လည်း ညမထွက်ရအချိန်ကန့်သတ်ချက်မတိုင်မီ သွားလာနေသည့် ဒေသခံများ ပစ်သတ်ခံရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။