ပုလောမြို့နယ်အတွင်း ကိုဗစ်ကူး စက်ခံခဲ့ရသည့် လူနာများအားလုံးမှာ ပြန်လည်ကျန်းမာလာသောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မြို့နယ် ပြည်သူ့ဆေးရုံထံမှ သိရသည်။
မြို့နယ်အတွင်း စုစုပေါင်း ၅၆ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့အနက် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကိုးဦး၊ ၁၃ ရက်နေ့တွင် ၄၁ ဦး၊ ၂၀ ရက်နေ့တွင် ခြောက်ဦးတို့အား ဆေးရုံမှ အသီးသီး ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်
လူနာအားလုံး ပြန်လည်ကျန်းမာခဲ့ပြီဖြစ်သော်လည်း အသစ်ထပ်မံကူးစက်မှု မရှိစေရေး မြို့နယ်အတွင်း ယာဉ်ဝင်ယာဉ်ထွက်များကို စစ်ဆေးခြင်း၊ သံယယလူနာ သို့မဟုတ် တိုင်းခြားနယ်ခြားမှ ဝင်ရောက်လာသူများကို စုံစမ်းဖော်ထုတ်ခြင်း၊ နှာခေါင်းစည်းများအား စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ အပြင်မထွက်စေရေး စသဖြင့် စီမံဆောင် ရွက်ထားကြောင်း ပုလောမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ပြုံးချို က ပြောသည်။
“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ပရဟိတအဖွဲ့တွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ မတ်လကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ပထမလှိုင်းတွင် ပုလောမြို့နယ်အတွင်း ကူးစက်ခံရမှု မရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ ၅၆ ဦး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့အနက် ၅၀ ဦးမှာ သံဃာတော်များဖြစ်ပြီး ကျန်လူနာများမှာ ကျန်းမာရေးဝန်ထမ်း တစ်ဦး၊ အထူးရဲ တစ်ဦး၊ ကပ္ပိယ နှစ်ဦးနှင့် ပြည်ပပြန် နှစ်ဦးတို့ ဖြစ်သည်။
သံဃာတော်များမှာ ရန်ကုန်မြို့တွင် ဆွမ်းကွမ်းခက်ခဲလာသဖြင့် ဇာတိဒေသသို့ ကြွရောက်လာကြသူများ ဖြစ်သည်။
ချစ်ဖြိုးပိုင်