BREAKING
January 12, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

September 27, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ

အီရန်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံး

အီရန်နိုင်ငံမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပေါက်ကွဲမှုက အီရန်နိုင်ငံမှာ အဆိုးရွားဆုံး သတ္တုတွင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာပါ။

ပေါက်ကွဲမှုက တဟီရန်မြို့တော် အရှေ့တောင်ဘက် မိုင် ၃၀၀ ကျော်အကွာမှာရှိတဲ့ တဘက်စ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့အချိန် အလုပ်လုပ်နေတဲ့သူ ၇၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုက မီသိန်းဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

Ref: BBC

………………………………..

သီရိလင်္ကာ သမ္မတသစ် ကျမ်းသစ္စာကျိန်

သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံးလက်ဝဲယိမ်း သမ္မတဖြစ်လာတဲ့ အနူရာ ကူမာရာ ဒစ်စနာယာကာ က စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ သမ္မတကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

သမ္မတအသစ်က ကျန်းသစ္စာဆိုပွဲမှာ နိုင်ငံရေးသမားတွေအပေါ် လူထုယုံကြည်မှု အပြည့်အဝ ပြန်ရအောင် အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သူက အလုပ်သမား လူတန်းစားဘက်က ရပ်တည်ထားပြီး လက်ဝဲယိမ်း အမျိုးသားပြည်သူအာဏာပါတီကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ မဟာမိတ်ညွန်ပေါင်းအဖွဲ့ထဲမှာ နိုင်ငံရေးပါတီတွေ လူငယ်အဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့တွေ အမျိုးသမီးအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေ ပါဝင်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က နိုင်ငံ စီးပွားရေး ပြိုလဲခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လိုလားနေကြချိန် ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်လို့ သူက ပြောဆိုထားပါတယ်။

Ref: AP

………………………………..

ရုရှား လေယာဉ် ဂျပန်လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မှုကို အပြင်းအထန် ကန့်ကွက်

ရုရှား ကင်းလှည့်လေယာဉ်တွေ ဂျပန်လေကြောင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့လို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်ပိုင် ဟော့ကိုင်ဒိုကျွန်းစုအတွင်းက ရူဘုန်ကျွန်းအနီး ရေပိုင်နက်ထဲကို ရုရှားတို့ရဲ့ II-38 အမျိုးအစား ကင်းလှည့် လေယာ‌ဉ်တွေ သုံးကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့တာပါ။

၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရုရှားကနေ လေကြောင်းပိုက်နက် ကျူးကျော်လာတာ ဖြစ်တယ်လို့ ဂျပန်ဘက်က ဆိုပါတယ်။

ရုရှားဘက်က ကျူးကျော်ဝင်ရောက်လာခဲ့လို့ ဂျပန်စစ်တပ်က တိုက်လေယာဉ်တွေ စေလွှတ်ပြီး ရေဒီယိုနဲ့ အချက်ပြမီးတွေ ပစ်လွှတ်ပြီး သတိပေးခဲ့ရတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

Ref: CNN

………………………………..

ထိုင်းတွင် လိင်တူလက်ထပ်ခွင့်ကို ဘုရင်လက်မှတ်ထိုးအတည်ပြု

ထိုင်းနိုင်ငံအတွင်း လိင်တူအချင်းချင်း တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရှိတဲ့ ဥပဒေကို စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းဘုရင်ကနေ လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။

လာမယ့် ဇန်နဝါရီလကစလို့ လိင်တူချင်း လက်ထပ်လိုသူတွေ တရားဝင် ထိမ်းမြားလက်ထပ်ခွင့်ရှိတော့မှာပါ။

ဒါကြောင့် ထိုင်းနိုင်ငံက ထိုင်ဝမ်နဲ့ နီပေါနိုင်ငံတွေပြီးရင် အာရှမှာ လိင်တူ တရားဝင်လက်ထပ်ခွင့်ရှိတဲ့ တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ LGBTQ+ လို့ခေါ်တဲ့ လိင်စိတ်တိမ်းညွတ်မှု ကွဲပြားသူတွေကြား ထင်ရှားတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမဲ့ တရားဝင်လက်ထပ်ခွင့်ရဖို့ ဆယ်စုနှစ်နဲ့ချီ ရုန်းကန်ခဲ့ပြီးနောက် အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ သေဆုံးသူ ၅၅၈ ဦးအထိ ရှိလာ

အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟစ်ဘိုလာစစ်သွေးကြွပစ်မှတ်တွေကိုဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သေဆုံးသူအရေအတွက် ၅၅၈ ဦး အထိ ရှိလာခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြတာပါ။

အစ္စရေးဘက်ကလည်း နေရာပေါင်း ၁၅၀၀‌ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးတဲ့အထဲ ကလေးငယ် ၅၀ နဲ့ အမျိုးသမီး ၉၄ ဦးထက်မနည်း ပါဝင်တယ်လို့ လက်ဘနွန်ဘက်က အတည်ပြုထားပါတယ်။

လက်ဘနွန်တောင်ပိုင်းက ဒေသခံ ၁၈၀၀၀၀ ကျော်ကတော့ အစ္စရေးတိုက်ခိုက်မှုကနေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ကုလသမဂ္ဂအဖွဲ့ကတော့ လက်ဘနွန်နိုင်ငံဟာ အန္တရာယ်ဘက်ကို ကျရောက်နေပြီလို့ သတိပေးခဲ့သလို လက်ဘနွန်ကို နောက်ထပ် ဂါဇာလို အဖြစ်မခံဘူးလို့ ဆိုပါတယ်။

Ref: The Guardian

………………………………..

အစ္စရေး−လက်ဘနွန် အပစ်ရပ်ရေးတောင်းဆိုချက် အစ္စရေးပယ်ချ

အစ္စရေး−လက်ဘနွန် နယ်စပ်တလျှောက် ၂၁ ရက်ကြာ အပစ်အခတ် ရပ်စဲရေးတောင်းဆိုချက်ကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့ပါတယ်။

ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နိုင်ငံအပြင် နောက်ထပ်နိုင်ငံတွေကနေ၂၁ ရက်ကြာ အပစ်အခတ်ရပ်ထားပေးဖို့ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဟစ်ဘိုလာတွေကို အနိုင်မရမချင်း အင်အားအစွမ်းကုန်နဲ့ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။

အစ္စရေးနဲ့ ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့ကြား ပဋိပက္ခတွေဟာ လက်ခံနိုင်စရာ မရှိသလို နယ်စပ်ဒေသမှာ မဖြစ်သင့်ပဲ ကြီးမားတဲ့ အန္တရာယ်တွေရှိလာလို့ အပစ်အခတ်ရပ်ဖို့ နိုင်ငံပေါင်းစုံက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

စစ်ပွဲတွေ ကျယ်ပြန့်လာရင် အစ္စရေး ပြည်သူတွေရော လက်ဘနွန် ပြည်သူတွေရော ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ နိုင်ငံတွေက ဆိုထားကြပါတယ်။

Ref: The Guardian

………………………………..

ဂျပန်တွင် သေဒဏ်ချမှတ်ခံထားရသူ နှစ် ၅၀ ခန့်အကြာမှ တရားသေလွတ်မြောက်

ဂျပန်နိုင်ငံမှာ သေဒဏ်နဲ့ အနှစ် ၅၀ နီးပါး ထောင်ကျခဲ့သူ လက်ဝှေ့သမားဟောင်းကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး အမှုကနေ တရားသေ လွှတ်ပေးခဲ့ပါတယ်။

အသက် ၈၈ နှစ်အရွယ် အီဝါအို ဟာကာမာဒါဟာ ၁၉၆၆ ခုနှစ်က သူ့သူဌေးရယ် ဇနီးဖြစ်သူရယ် ကလေးနှစ်ဦးရယ် လေးလောင်းပြိုင် လူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာပါ။

လူသတ်မှုမှာ လုပ်ကြံထားတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိတာကြောင့် အမှုပြန်စစ်ဖို့ ၂၀၁၄ ခုနှစ်မှာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ထောင်ထဲမှာ ၄၆ နှစ်နေခဲ့ရတဲ့သူကို ထောင်ကနေ ပြန်လွှတ်ခဲ့ပေမဲ့ အမှုကနေတော့ တရားသေ မလွှတ်ပေးခဲ့ပါဘူး။

ဒီအမှုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြန်လည်စစ်ဆေးခဲ့တာပါ။

အမှုမှာ သက်သေ ၃ ခုကို လုပ်ကြံပြသခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိတဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ ခရိုင်တရားရုံးက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

Ref: BBC

………………………………..

ယူကရိန်းနှင့် အမေရိကန်သမ္မတနှစ်ဦး တွေ့ဆုံ

သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးကို စက်တင်ဘာလ ၂၆ ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် အောင်နိုင်ရေးနဲ့ ပက်သက်လို့ သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးသွားခဲ့တာပါ။

သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံအပြီးမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ်တင်သွင်းထားတဲ့ ဒုသမ္မတ ကယ်မလာ ဟဲရစ်နဲ့လည်း သီးခြားတွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့အပြင် ယူကရိန်းသမ္မတက လက်နက်ခဲယမ်းတွေထုတ်လုပ်နေတဲ့ စက်ရုံကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

Ref: BBC

………………………………..

တရုတ်က ပစိဖိတ်သမုဒ္ဒရာထဲကို တိုက်ချင်းပစ် ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်

တရုတ်က ပစိဖိတ်သမုဒ္ဒရာထဲကို တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်တစ်စင်း ICBM ကို စက်တင်ဘာလ ၂၅ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

ဒီလုပ်ရပ်က ပစိဖိတ်ဒေသတွင်း ပိုင်နက်ငြင်းခုန်နေကြတဲ့ နိုင်ငံအတော်များများကြား တင်းမာမှု တိုးလာစေခဲ့တာပါ။

ဒါက ရိုးရိုး ရော့ကက်ဒုံးကျည်တပ်ဖွဲ့ရဲ့ ပုံမှန်လေ့ကျင့်မှုသာဖြစ်ပြီး ဘယ်နိုင်ငံကိုမှ ဦးတည်ပစ်မှတ်ထားတာမရှိဘူးလို့ တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်ကလည်း ပင်လယ်ပြင်ထဲက သတ်မှတ်နေရာကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်က ယခုလို ပဲ့ထိန်းတပ်ဒုံးကျည်ကို နိုင်ငံတကာ ရေပိုက်နက်ထဲ ပစ်လွှတ်စမ်းသပ်လေ့မရှိပါဘူး။

ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို ရှင်ကျန်ဒေသထဲ ဒါမှမဟုတ် ဘိုဟိုင်းပင်လယ်ပြင်ထဲကိုသာ ပစ်လွှတ်လေ့ရှိပါတယ်။

Ref: Aljazeera

………………………………..

Meta က AR မျက်မှန်ကို မိတ်ဆက်

Facebook ပိုင်ရှင် မက်ဇူကာဘက်က သူ့ကုမ္ပဏီက ထုတ်လုပ်မဲ့ AR နည်းပညာအသစ်သုံး မျက်မှန်ကို မိတ်ဆက်ပြသလိုက်ပါတယ်။

မိခင်ကုမ္ပဏီ Meta ရဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ မျက်မှန်ကုမ္ပဏီ Ray-Ban တို့ပူးပေါင်းထုတ်လုပ်သွားမဲ့ AR နည်းပညာသုံးမျက်မှန် Orion ကို မိတ်ဆက်ခဲ့တာပါ။

မျက်မှန်ကို တပ်ဆင်ထားသူတွေက မြင်ရသမျှ ပစ္စည်းအမျိုးအမည်တွေကို အရင်ထက်ပို မှတ်သားပြောပြပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါအပြင် အဆင့်မြှင့်ထားတဲ့ Meta AI အသုံးပြုပြီး အသံနဲ့ပြောသမျှကို စာတိုစနစ်နဲ့ ပို့ပေးနိုင်တာတွေ တခြားသူပြောသမျှကို တိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့ စနစ်တွေကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဒီမျက်မှန်ကို အနည်းဆုံးဈေး ဒေါ်လာ ၃၀၀ နဲ့ မှာယူနိုင်မယ်လို့ ကြေညာသွားပါတယ်။

Ref: REUTERS

………………………………..