BREAKING
October 18, 2024

သီဟိုဠ် သင်္ဘောပျက်ရဲ့ မာလိန်မှူး

September 27, 2024

ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ထဲက ‘သီရိလင်္ကာ’ဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ နိုင်ငံတော်အာဏာကို တလှည့်စီအုပ်စိုးနေခဲ့တဲ့ လက်တစ်ဆုပ်စာ ပါတီအနည်းငယ်နဲ့ လူ့မလိုင် မိသားစုတွေကို ပြည်သူလူထုက အော့နှလုံးနာ စိတ်ပျက်နေကြတယ်။

မျက်နှာဟောင်း နိုင်ငံရေးသမားတွေအပေါ် လူထုက အယုံအကြည်ကင်းမဲ့နေတဲ့ ဒီတိုင်းပြည်ဟာ ဆွေးမျိုးကောင်းစားရေးဝါဒ၊ ခရိုနီဝါဒ၊ ပြည်ပကြွေးမြီ၊ စီးပွားရေးအကျပ်အတည်း၊ အကျင့်ပျက်ခြစားမှုဆိုတဲ့ ပြဿနာတွေနဲ့ လုံးချာလိုက်နေတယ်။

စီမံခန့်ခွဲမှုဖွတ်ကျား အစိုးရတွေရဲ့ လက်ချက်ထဲက တိုင်းပြည်ဟာ အခုနောက်ဆုံး သမ္မတရွေးကောက်ပွဲဟာ စက်တင်ဘာလ ၂၁ ရက်နေ့ကပဲ ကျင်းပပြီးစီးသွားခဲ့တယ်။

တိုင်းပြည်လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ပြန်ကြည့်လိုက်ရင် ဒီရွေးကောက်ပွဲဟာ အထူးခြားဆုံး အပြောင်းအလဲဆန်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး ရွေးကောက်ပွဲအကြောင်း မဆွေးနွေးမီ ပြီးတဲ့နှစ်တွေက နောက်ခံအခင်းအကျင်းကို အရင်သွားလိုက်ရအောင်ပါ။

သီဟိုဠ်ကျွန်းပေါ်က ဘဝငရဲ

ဘယ်တော့ စုံးစုံးမြုပ်သွားမလဲ ရင်ထိတ်နေရတဲ့ သင်္ဘောပျက်ကြီးလို ဖြစ်နေတဲ့ သီရိလင်္ကာ စီးပွားရေးဟာ ၂၀၂၂ ခုနှစ်မှာ ဖုန်တထောင်းထောင်းထပြီး ပြိုလဲသွားတယ်။

တိုင်းပြည်ဟာ ပြည်ပကြွေးမြီတွေကို ပြန်မဆပ်နိုင်တော့ဘဲ ဒေဝါလီခံလိုက်ရတယ်။ ငွေကြေးဖောင်းပွနှုန်းက ထောင်တက်နေတယ်။ နိုင်ငံခြားအရန်ငွေမရှိတော့တဲ့အတွက် ပြည်ပကုန်စည်တွေကို မတင်သွင်းနိုင်တော့ဘူး။ ဓာတ်မြေဩဇာတွေ မတင်သွင်းနိုင်တော့ အစိုးရဟာ သီရိလင်္ကာကို ညတွင်းချင်း အော်ဂဲနစ်စိုက်ပျိုးရေးဆီ ပြောင်းလဲဖို့ လုပ်လိုက်တယ်။ သီးနှံတွေ မစိုက်ပျိူးနိုင်တော့ဘဲ အခြေခံ စားသောက်ကုန်တွေ ရှားပါးပြတ်လပ်သွားတယ်။ ဓာတ်ဆီတွေ ပြတ်လပ်သွားတယ်။ လူထုရဲ့လူနေမှုဘဝအဆင့်အတန်း အောက်ဆုံးထိ ထိုးကျသွားတယ်။

စီးပွားရေးကျဆင်းမှုရဲ့ လည်ပင်းညှစ်သတ်မှုဒဏ်ကို မခံနိုင်တော့ဘဲ လူထုအုံကြွဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။ ယမ်းပုံမီးကျဒေါသထွက်နေတဲ့ ပြည်သူတွေဟာ ကိုလံဘိုမြို့တော်ရဲ့ နန်းတော်တမျှ ခမ်းနားတဲ့ သမ္မတအိမ်တော်ထဲကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြတယ်။

တိုင်းပြည် အာဏာနဲ့ အဆီအနှစ်တွေကို သူ့ဆွေမျိုးသားချင်းတွေနဲ့ ခွဲဝေမျှစားနေတဲ့ သမ္မတဟောင်း ရာဂျာပတ်ခ်ဆာဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားရတယ်။

ပြည်ပြေးသမ္မတနဲ့ သွေးသားတော်စပ်သူ ဝန်ကြီးချုပ် ဝစ်ခ်ရက်မန်ဆင်းက သမ္မတဖြစ်လာပြီး မိုးထိမတတ် ငွေကြေးဖောင်းပွမှုကို ဇက်ဆွဲသတ်ဖို့ ကြိုးစားတယ်။

တိုင်းပြည်ရဲ့ ငွေကြေးကို တည်ငြိမ်အောင် လုပ်ခဲ့တယ်။ ဖုတ်လှိုက်ဖုတ်လှိုက် စီးပွားရေးကို နာလန်ထူစေဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အပါအဝင် အိန္ဒိယနဲ့ တရုတ်ဆီက ချေးငွေအကူအညီ ယူတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ၆ ကြိမ်လုပ်ဖူးပြီး သမ္မတဖြစ်လာတဲ့ ဝစ်ခ်ရက်မန်ဆင်းဟာ အောက်ခြေက လူမှုဘဝ အကျပ်အတည်းကို အချိန်တိုအတွင်း မကုစားပေးနိုင်ခဲ့ဘူး။ အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံတွေရဲ အခွင့်အရေးကိုလည်း မကာကွယ်ပေးခဲ့ဘူး။

သူဟာ တိုင်းပြည်သင်္ဘောဝမ်းဗိုက်မှာ စကာပေါက်ဖြစ်အောင် လုပ်ခဲ့တဲ့ ရာဂျာပတ်ခ်ဆာအစိုးရနဲ့ သိပ်နီးကပ်လွန်းသူ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ပွက်ပွက်ညံနေပါပြီ။

IMF ရဲ့ ချေးငွေအကူအညီနဲ့ အတူပါလာတဲ့ ခြိုးခြံချွေတာရေးအစီအမံတွေကြောင့် လူထုဘဝက ကျပ်တည်းလောင်မြိုက်နေပြီ။ စားဝတ်နေရေး နဲ့ တိုင်းပြည်ရဲ့ အခြင်းအရာအလုံးစုံနီးပါးကို စိတ်ကုန်နေကြတဲ့ ပြည်သူတွေဟာ နာကျင်စရာ နိုင်ငံရေးအတိတ်ကို လမ်းခွဲချင်နေပြီ။

ရွှေရောင်နိုင်ငံရေး အခင်းအကျင်းသစ်ကို ရေငတ်သလို ငတ်မွတ်နေကြပြီ။

အခုရက်ပိုင်းအတွင်း ပြီးဆုံးသွားတဲ့ သမ္မတရွေးကောက်ပွဲမှာ သီရိလင်္ကာလူထုဟာ အစဉ်အလာ နိုင်ငံရေးအီလစ်အလွှာက မဟုတ်တဲ့သူ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်။

မာလိန်မှူးသစ်

ပြီးခဲ့တဲ့ စနေနေ့က ရွေးကောက်ပွဲမှာ Janatha Vimukthi Peramuna (JVP) ပါတီခေါင်းဆောင် အနုရာ ကုမာရ ဒစ်ဆန်နာယာကာ ဟာ သမ္မတ ဝစ်ခမန်ရန်ဆင်းနဲ့ အခြားနိုင်ငံရေးအီလစ်တွေကို အနိုင်ယူပြီးပြီး သီရိလင်္ကာသမ္မတဖြစ်လာခဲ့ပါတယ်။

သမ္မတသစ်ဟာ အစဉ်အလာ နိုင်ငံရေးအီလစ်တွေနဲ့ မတူဘဲ သီရိလင်္ကာကျေးလက်ဒေသက အောက်ခြေမိသားစုဘဝနောက်ခံကနေ လာတယ်။ ရထားပေါ်မှာ စီးကရက်တွေ လည်ရောင်းခဲ့ဖူးတဲ့သူဟာ ရွာဈေးထဲမှာ ဟင်းသီးဟင်းရွက်ထိုင်ရောင်းခဲ့ဖူးတယ်။

သူတက်ခဲ့တဲ့ ရွာကျောင်းလေးကနေ တက္ကသိုလ်ကို ရောက်သွားတဲ့ ပထမဆုံး ကျောင်းသားလေးဟာ သူပဲ။ ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါးဟာ သူ့ကို University of Kelania ကို ပို့ခဲ့ပြီး သိပ္ပံဘွဲ့နဲ့ ကျောင်းပြီးခဲ့တယ်။

တက္ကသိုလ်ပရဝုဏ်ဟာ သူ့ဝိညာဉ်ထဲက နိုင်ငံရေးတက်ကြွမှုကို လှုပ်နိုးခဲ့တယ်။ အင်မတန် တက်ကြွတဲ့ ကျောင်းသားနိုင်ငံရေးဘဝကို သူ ဖြတ်သန်းနေတဲ့အချိန်မှာ သီရိလင်္ကာဟာ သူ့ပြည်တွင်းစစ်ရဲ့ သွေးအစွန်းဆုံး သက္ကရာဇ်များနဲ့ ပက်ပင်းတိုးနေတယ်။

ကိုလိုနီလက်အောက်ခံဘဝမှာ အင်္ဂလိပ်အုပ်စိုးသူတွေ ခေါ်သွင်းလာခဲ့တဲ့ တမီလ်လူမျိုးတွေဟာ လွတ်လပ်တဲ့ သီရိလင်္ကာအစိုးရဆီကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်နက်ကိုင်တိုက်ယူနေကြတဲ့ အနှစ်သုံးဆယ်စစ်ပွဲရဲ့ အကြမ်းဖက်မှုအများဆုံးကာလပဲ။

ဒီလို သွေးအလိမ်းလိမ်းထပ်နေတဲ့ ကာလထဲမှာ သူဟာ ကွန်မြူနစ်ဝါဒထီးရိပ်အောက်က ပါတီတစ်ခုနဲ့ ပူးပေါင်းလိုက်တယ်။ မြေအောက်နိုင်ငံရေးလောကထဲ သူ ရောက်သွားပြီးတဲ့နောက် သူ့ကြောင့် သူ့မိဘတွေရဲ့ နေအိမ်ကို မီးရှို့ခံလိုက်ရတယ်။

မိခင်ပါတီ

တချိန်မှာ သမ္မတဖြစ်လာမယ့် တက္ကသိုလ်ကျောင်းသားလေး ဒစ်ဆန်နာယာကာ ပူးပေါင်းခဲ့တဲ့ ပါတီရဲ့ နာမည်က Janatha Vimukthi Peramuna (JVP) ပါတီ။

ဒီပါတီဟာ သီရိလင်္ကာဗဟိုအစိုးရကို အရင်းရှင်အစိုးရ၊ နယ်ချဲ့အစိုးရလို့ တံဆိပ်ကပ်ပြီး မအောင်မြင်တဲ့ လက်နက်ကိုင် တော်လှန်ရေးနှစ်ကြိမ် ဆင်နွှဲခဲ့တယ်။ ပါတီရဲ့ လက်ချက်နဲ့ လူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတယ်။ ပါတီရဲ့ အတိတ်က သွေးလိမ်းထားတဲ့ အမည်းစက်ကို ဖျောက်ပစ်နိုင်အောင် ဒစ်ဆန်နာယာကာတို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။

အတိတ်က သူတို့ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်အစဖျောက်မှုတွေအတွက် ၂၀၁၄ မှာ JVP ပါတီက တရားဝင်တောင်းပန်ခဲ့တယ်။

ဒါဟာ သီရိလင်္ကာနိုင်ငံရေးဇာတ်ခုံပေါ်မှာ အစိုးရဘက်ကရော ၊ ပုန်ကန်သူတွေဘက်ကပါ တခါမှ မလုပ်ခဲ့ဖူးတဲ့ ဝန်ချတောင်းပန်မှုပါပဲ။ ပြည်တွင်းစစ်ကာလအတွင်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို အစိုးရဘက်က‌ရော၊ ပုန်ကန်သူတွေဘက်ကရော ကျူးလွန်ခဲ့ကြတယ်။

၂၀၀၉ မှာ အဆုံးသတ်ခဲ့တဲ့ အနှစ်သုံးဆယ် ပြည်တွင်းစစ်ကာလအတွင်း လူပေါင်း တစ်သောင်း ဝန်းကျင် သေကြေပျောက်ဆုံးသွားတယ်။ ကျွမ်းကျင်ပညာရှင်တွေက သီရိလင်္ကာဟာ ခေတ်သစ် အသေခံဗုံးခွဲမှုတွေရဲ့ မွေးရပ်မြေပါတဲ့။

နိုင်ငံရေးဘဝ ရေဆန်လမ်း

JVP ပါတီဟာ သူ့ရဲ့ အကြမ်းဖက်နိုင်ငံရေးအတိတ်နဲ့ လမ်းခွဲဖို့ ကြိုးစားပြီး ပင်မနိုင်ငံရေးရေစီးကြောင်းထဲ ပါဝင်လာခဲ့တယ်။

သီရိလင်္ကာနိုင်ငံရေးစနစ်ကို ဖြိုချဖို့ လက်နက်ကိုင်တော်လှန်ခဲ့ဖူးတဲ့ ကွန်မြူနစ်သူပုန်ဟောင်း ဒစ်ဆန်နာယာကာဟာ ၂၀၀၀ ပြည့်နှစ်မှာ သီရိလင်္ကာနိုင်ငံရေးစနစ်ထဲက ပါလီမန်အမတ်တစ်ယောက် ဖြစ်လာတယ်။ ၂၀၁၄ ခုနှစ်ကစပြီး JVP ရဲ့ ပါတီခေါင်းဆောင် ဖြစ်လာတယ်။

၂၀၂၂ ခုနှစ် လူထုအုံကြွဆန္ဒပြပွဲကာလအတွင်းမှာ ဒစ်ဆန်နာယာကာနဲ့ သူ့ရဲ့ပါတီက တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့တယ်။ စီးပွားရေးအကျပ်အတည်းဒဏ်နဲ့ IMF ချေးငွေအစီအစဉ်ပါ ခြိုးခြံချွေတာရေးအစီအမံတွေကြောင့် နာလန်မထူနိုင်အောင် ပြားပြားဝပ်နေရတဲ့ သီရိလင်္ကာ လူလတ်တန်းစားပြည်သူတွေကြားမှာ ဒစ်ဆန်နာယာကာရဲ့ ပါတီက လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရလာခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ သူက ပြည်သူလူထု အခက်တွေ့နေတဲ့ IMF ရဲ့ ချေးငွေသဘောတူညီချက်တွေကို ပြန်ညှိနှိုင်းမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ မဲဆွယ်ခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှုကို အမြစ်ဖြတ်ချေမှုန်းမယ်၊ အရင်အစိုးရတွေ ခိုးယူထားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ပြန်သိမ်းဆည်းမယ်ဆိုတဲ့ ကြွေးကြော်သံတွေကို ပြည်သူတွေကို မျှော်လင့်ချက်အသစ်ပေးနိုင်ခဲ့တယ်။

ပြာပုံကြားက စိန်ခေါ်မှုများ

သီရိလင်္ကာပြည်သူတွေက သူ့ကို အားကိုးတကြီး ရွေးကောက်တင်မြှောက်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ပေးလိုက်တယ်ဆိုတာကတော့ ထင်ရှားပြီးသားပါ။ ဒါပေမယ့် သူ ဖော်ဆောင်မယ်လို့ ကြွေးကြော်နေတဲ့ အပြောင်းအလဲတွေကို သူ တကယ်အထောင်အထည်ဖော်နိုင် ပါ့မလားဆိုတာကတော့ သံသယဝင်စရာကောင်းလွန်းနေပါတယ်။

သူ့အနေနဲ့ IMF ရဲ့ ချေးငွေအစီအစဉ်ပါ သဘောတူညီချက်တွေကို ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် နောက်ထပ်ထုတ်ပေးမယ့် ချေးငွေ ဒေါ်လာ သန်း ၃၅၀ က ကြန့်ကြာသွားလိမ့်မယ်လို့ အခုရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ သမ္မတဟောင်း ဝစ်ခ်ရန်မက်ဆင်းက သတိပေးနေပါတယ်။

သူ ကြွေးကြော်ထားတဲ့အတိုင်း တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်ဖို့ကလည်း အင်မတန် ရုန်းကန်ရမယ့်အလားအလားရှိပါတယ်။ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲမှာ သူ့ရဲ့ ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ National People’s Power (NPP) က အသာစီးမရဘူးဆိုရင် ဒါက မဖြစ်နိုင်သလောက် ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်ထဲမှာ NPP အမတ်က သုံးယောက်ပဲ ရှိလို့ပါပဲ။

ဒစ်ဆန်နာယာကာဟာ JVP ပါတီကနေ ပထမဆုံး သမ္မတဖြစ်လာသူ ဖြစ်ပြီး အုပ်ချုပ်ရေး အတွေ့အကြုံအင်မတန်နည်းပါတယ်။

အစိုးရလုပ်ငန်းခွင်ထဲက သူ့အတွေ့အကြုံဆိုလို့ ၂၀၀၄ ခုနှစ်မှာ စိုက်ပျိူးမွေးမြူရေးဝန်ကြီးအဖြစ် တစ်နှစ်ကြာ တာဝန်ယူခဲ့ဖူးတာပဲ ရှိပါတယ်။ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ ပြာပုံကြားက ကျွန်းနိုင်ငံလေးကို သူနဲ့ သူ့ပါတီဟာ စွမ်းရည်ရှိရှိ အုပ်ချုပ်နိုင်တယ်ဆိုတာကို ထောက်ခံသူတွေရော၊ အတိုက်အခံတွေကိုပါ သက်သေပြသွားနိုင်ပါ့မလားဆိုတာပါပဲ။

မှော်ဆရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မာလိန်မှူးအခန်းမှာတော့ သူပဲ့ကိုင်နေရပါပြီ။

Ref: The Economist, The Guardian, The New York Times, Al Jazeera, CNN

ဈာန်ဟိန်း

No related posts found.