BREAKING
November 24, 2024

မောင်မယ်ရှောင် ကားလမ်းမဘေး လူမရှိသည့်အိမ်များကို စစ်ကောင်စီတပ် ဖောက်ထွင်း

September 27, 2024

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် စက်တင်ဘာလ ၂၆ရက်နေ့ ညနေပိုင်းက ကားလမ်းဘေးရှိ လူမရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများ ယူဆောင်သွားကြောင်း ကိုယ်တိုင်တွေ့မြင်သည့် ခရီးသွား ဒေသခံများက ပြောသည်။

မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲများ ကြောင့် ဒေသခံရွာသူရွာသားများမှာ ယ‌ခုနှစ် ဧပြီလကစပြီး ရွာလုံးကျွတ်နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

ယင်းသို့ ဒေသခံများ တိမ်းရှောင်နေချိန် နေအိမ်များ ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတို့က ဆိုသည်။

“ဘီရိုတွေ၊ ဂစ်အိုးတွေ သယ်ထုတ်လာတာ မြင်တယ်။ လမ်းမတမ်းအိမ်တွေကတော့ အကုန်ဖောက်ထားတယ်။ လမ်းတစ်လျှောက်လုံးမှာလည်း စစ်သားတွေအပြည့်ပဲ” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သည့် ခရီးသွား ဒေသခံတစ်ဦးက ပြောသည်။

စင်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင်ရွာနှင့် ဇာဟာရွာ ကားလမ်းမတစ်လျှောက် တပ်ဖြန့်ထားပြီး ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများကိုလည်း တောင်းယူစစ်ဆေးခဲ့ကြောင်း ခရီးသွားဒေသခံများက ဆိုသည်။

အဆိုပါနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် ကားလေးစီးဖြင့် မောင်မယ်ရှောင်ရွာအနီးရှိ ဇီးကျရွာသို့ ရောက်ရှိ လာပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။