BREAKING
January 12, 2025

စစ်ကောင်စီတပ် ဖမ်းသွားသည့် မောင်းမကန်ရွာသားသုံးဦး ၁၆ ရက်အကြာတွင် အလောင်းပြန်တွေ့

September 27, 2024

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရွာသားသုံးဦး၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ရေတွင်းထဲ၌ ပြန်တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရပြီး ၁၆ရက်အကြာ မောင်းမကန်ရဲစခန်းအနီး စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် ယာယီစခန်းအနီး ရေတွင်းထဲတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“မျက်နှာနဲ့ ရေတွင်းဘောင်ကို ဆောင့်ထားတယ်။ ကြိုးတွေတုပ်ထားတယ်။ ‌အလောင်းက ပုပ်ပွနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သတ်ဖြတ်ခံရသည့် အမျိုးသားသုံးဦးမှာ မောင်းမကန်ရွာသား ကိုမျိုးအပါအဝင် အမျိုးသားသုံးဦးဖြစ်ကြောင်း ဒေသခံတို့ ထံမှ သိရသည်။

စစ်ကောင်စီတပ် ယာယီတပ်စွဲထားသည့်နေရာမှ ထွက်ခွာသွားပြီးနောက် ဒေသခံများ သွားရောက် ရှာဖွေချိန်တွင် ရုပ်အလောင်းတို့ကို ပြန်တွေ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်းမကန်ရဲစခန်းအနီးယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇုန် (၁) ရွှေသောင်ယံတပ်စုက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် အဆိုပါတပ်ဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

‌ထိုနေ့ ညနေပိုင်းတွင်ပင် မောင်းမကန်ရွာသား ၁၀ဦးခန့်ကို စစ်ကောင်စီတပ်က ရွာထဲသို့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။

ယခု ရုပ်အလောင်းတွေ့သည့် ဒေသခံသုံးဦးမှအပ ကျန်ဒေသခံများမှာ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောဆိုသည်။