BREAKING
January 12, 2025

ဟောင်ကောင်အယ်ဒီတာ ထောင်ဒဏ် ၂၁ လ ချမှတ်ခံရ

September 27, 2024

ဒီမိုကရေစီအရေးထောက်ခံသည့် ဟောင်ကောင်သတင်းဌာန တစ်ခု၏ အယ်ဒီတာချုပ်ဟောင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကြာသပတေးနေ့တွင် တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့သည်။

အဆိုပါသတင်းဌာန၏ နောက်ထပ်အယ်ဒီတာဟောင်းတစ်ယောက်ကိုမူ ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် အချုပ်ကျခံရသည့်ရက်များကို ထည့်တွက်၍ ထောင်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်သည်။

Stand News သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ Chung Pui-Kuen နှင့် ယာယီအယ်ဒီတာချုပ်ဟောင်း Patrick Lam တို့သည် တရုတ်ပြည်မအုပ်ချုပ်မှုအောက်သို့ ဟောင်ကောင်ကျရောက်သွားသည့် ၁၉၉၇ ခုနှစ်မှစ၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စီရင်ချက်ချခံလိုက်ရသည့် ပထမဆုံးဂျာနယ်လစ်များ ဖြစ်လာသည်။

ယခုကဲ့သို့ အရေးယူထောင်ချနိုင်သည့် ဥပဒေကို ဗြိတိသျှကိုလိုနီခေတ်ကတည်းက ဟောင်ကောင်ကျွန်းတွင် ပြဌာန်းလာခဲ့ပြီး အများဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ အခုနှစ် မတ်လတွင် ပြဌာန်းလိုက်သည့် လုံခြုံရေးဥပဒေသစ်အရ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ တိုးမြှင့်လိုက်သည်။

အသက် ၅၅ နှစ်အရွယ် အယ်ဒီတာချုပ်ဟောင်း Chung Pui-Kuen အား တရားရုံးက ထောင်ဒဏ် ၂၁ လ ချမှတ်ခဲ့သော်လည်း စီရင်ချက်မချမီက ထိန်းသိမ်းခံထားရသည့် ကာလကို ထည့်တွက်၍ ထောင် ၁၀ လခန့်သာ အကျခံရမည်ဟု ထင်ကြေးပေးနေကြသည်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အယ်ဒီတာနှစ်ယောက်စလုံးသည် စီရင်ချက်မချမီက တစ်နှစ်စီထိန်းသိမ်းခံထားခဲ့ရပြီး ဖြစ်သည်။

Stand News သတင်းဌာနကို ပိုင်ဆိုင်သည့် Best Pencil ကုမ္ပဏီလိမိတက်ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဟောင်ကောင်ဒေါ်လာ ၅၀၀၀ (ကန်ဒေါ်လာ ၆၄၀) ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

“Stand News သတင်းဌာနရဲ့ ဝက်ဆိုဒ်မှာ ကြည့်ရှုသူဖော်လိုဝါပေါင်း ၁.၆ သန်း ရှိတယ်။ သူတို့ရဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ ဆောင်းပါးတွေက အစိုးရအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေမှုတွေ ဖြစ်ပေါ်စေခဲ့တယ်” ဟု စီရင်ချက်ချမှတ်ခဲ့သည့် တရားသူကြီးက ပြောသည်။

Stand News သည် တရုတ်ဘာသာစကားဖြင့် တင်ဆက်သည့် သတင်းဝက်ဆိုဒ်တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အာဏာပိုင်များမှ ဝင်ရောက်စီးနင်း ချိတ်ပိတ်ခံခဲ့ရသည်။

ယင်းဖြစ်ရပ်မတိုင်ခင်က Stand News သတင်းဌာနသည် ၂၀၁၉ ဟောင်ကောင်ဒီမိုကရေစီအရေးဆန္ဒပြပွဲသတင်းများကို အကျယ်တဝင့် ရေးသားထောက်ခံမှုများကြောင့် အားပေးကြည့်ရှုသူအများအပြား ပိုင်ဆိုင်ထားသည့် သတင်းဌာနတစ်ခု ဖြစ်သည်။

“သူတို့က ခုခံဖီဆန်မှုလို့ လူတွေ ပြောနေကြတဲ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်။ အစိုးရကို ဆန့်ကျင်ဖို့ ဆန္ဒပြသူတွေနဲ့ တသားတည်း ရပ်တည်ခဲ့တယ်” ဟု အထက်ပါ တရားသူကြီးက ဆိုပြီး အယ်ဒီတာဟောင်းနှစ်ယောက်အတွက် ထောင်ဒဏ်တစ်ခုတည်းကသာ ရွေးချယ်စရာရှိခဲ့ကြောင်း ပြောသည်။

စီရင်ချက်အချခံလိုက်ရသည့် အယ်ဒီတာနှစ်ယောက်စလုံးသည် ဂျာနယ်လစ်အလုပ်စစ်စစ်ကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းမရှိဟုလည်း အဆိုပါ တရားသူကြီးက ပြောသည်။

ကြာသပတေးနေ့က အပြစ်ဒဏ်ချမှတ်သည့်သတင်းပေါ်ထွက်လာပြီးနောက်တွင် လူ့အခွင့်အရေးအဖွဲ့များ၏ ကျယ်ကျယ်လောင်လောင် ဝေဖန်ရှုတ်ချသံများ ပေါ်ထွက်လာခဲ့သည်။

ယခုအစီရင်ချက်ချမှုသည် လက်ရှိကျဆင်းနေသည့် ဟောင်ကောင်၏ မီဒီယာလွတ်လပ်ခွင့်ပုံရိပ်နှင့် ဂျာနယ်လစ်များ ရင်ဆိုင်နေရသည့် အန္တရာယ်ကို ထင်ဟပ်စေသည်ဟု ဟောင်ကောင်ဂျာနယ်လစ်အသင်းကြီးက ဆိုသည်။

၂၀၁၉ ခုနှစ်က ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် တရုတ်ပြည်မအစိုးရကို ဆန့်ကျင်ဝေဖန်သည့် ဟောင်ကောင်လူထုသည် ဖမ်းဆီးထောင်ချမှုများ၊ ပြည်နှင်ဒဏ်ပေးခံရခြင်းများနှင့် ရင်ဆိုင်လာခဲ့ရသည်။

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးအချက်အခြာနေရာဖြစ်သည့် ဟောင်ကောင်ကျွန်းသည် မကြာသေးခင်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့်သတ်မှတ်ချက်တွင် အဆင့်ထိုးကျလာနေခဲ့သည်သည်။

တချိန်က အာရှတိုက်၏ မီဒီယာလွတ်လပ်ခွင့်မီးရှူးတန်ဆောင်ဟု ချီးကျူးဂုဏ်ပြုခံခဲ့ရသည့် ဟောင်ကောင်ကျွန်း၏ လက်ရှိမီဒီယာလွတ်လပ်ခွင့်အဆင့်အတန်းကို ကြာသပတေးနေ့ စီရင်ချက်ချမှတ်မှုက မီးမောင်းထိုးပြနေသည်။

Ref: Associated Press, CNA, BBC