BREAKING
October 18, 2024

ထိုင်းတွင် လုပ်ငန်းခွင်ထဲ မျက်လုံးထိခိုက်သော မြန်မာလုပ်သားသုံးဦး နစ်နာကြေးမရသဖြင့် အခက်အခဲဖြစ်

September 27, 2024

ဓာတ်ပုံ - WAG မဟာမိတ်အဖွဲ့။

ထိုင်းနိုင်ငံ လယောင်မြို့ရှိ သံစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆဖြစ်ပြီး မျက်လုံးထိခိုက်ခဲ့သော မြန်မာ အလုပ်သမားသုံးဦးကို စက်ရုံဘက်က နစ်နာကြေး မပေးသဖြင့် အခက်အခဲဖြစ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားသုံးဦးသည် ပြီးခဲ့သော မေလအလယ်ပိုင်းလောက်က လုပ်ငန်းခွင်ထဲတွင် အုတ်နံရံသို့ ဂန်းဖြင့် သံပစ်နေစဉ် မတော်တဆ သံစလွင့်ထွက်ပြီး မျက်လုံးလာမှန်ခဲ့ရာမှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ သုံးဦးအနက် နှစ်ဦးက ညာမျက်လုံးကို ထုတ်လိုက်ရပြီး တစ်ဦးက ဘယ်ဘက်မျက်လုံး လုံးဝ မမြင်တော့သည် အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ထံမှ သိရသည်။

၎င်းတို့သုံးဦးသည် လယောင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဆေးကုသစရိတ်များအနက် နှစ်ဦးကို လူမှုဖူလုံရေး ရန်ပုံငွေ (ပကန်စံခွန်) က ကျခံထားပြီး ကျန်တစ်ဦးကို စက်ရုံဘက်က စိုက်ပေးထားကြောင်း WAG အဖွဲ့ထံမှ သိရသည်။

သို့သော်လည်း အလုပ်သမားများ၏ မျက်လုံးများ ထိခိုက်ဆုံးရှုံးခဲ့မှုအတွက် ထိခိုက်နစ်နာကြေးများကို စက်ရုံဘက်က တာဝန်ယူပေးရန် အလုပ်သမားများက လနှင့်ချီကြာ တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်ဘက်က‌ ဖြေရှင်းပေးခြင်း မရှိကြောင်း WAG အဖွဲ့အရ သိရသည်။

ထို့ကြောင့် အလုပ်သမားများ ရသင့်ရထိုက်သော နစ်နာကြေးများရရှိရန် WAG ထံသို့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်အကူအညီတောင်းခံခဲ့သဖြင့် ကူညီဖြေရှင်းပေးနေကြောင်း အဆိုပါအဖွဲ့၏ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“နစ်နာကြေးက ဆေးရုံက အချက်အလက်နဲ့ ဘယ်လိုပေးမလဲတော့ မသိသေးဘူး။ သူ့တို့ရဲ့ ဘဝတာ ဆုံးရှုံးသွားတဲ့ အတွက်ကို တစ်သက်စာများ ရမလားပေါ့။ ဒါကြောင့် နစ်နာကြေးကို ခန့်မှန်းလို့တော့ မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် အလုပ်သမားများက ထိခိုက်ဒဏ်ရာများကို‌ ဆေးကုသနေသည့်ကာလဖြစ်သဖြင့် အလုပ်လက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေကြကြောင်း ကိုမုန်တိုင်းက ဆိုသည်။

ထို့ကြောင့် အလုပ်သမားများအတွက် ထိခိုက်နစ်နာကြေးများ ဥပဒေအတိုင်းရရှိရေးအပြင် အလုပ်လက်မဲ့ကာလအတွက် လုပ်အားခများ ရာခိုင်နှုန်းအလိုက် ပြန်လည်ရရှိရန်၊ ဆေးကုသနေစဉ် စက်ရုံထဲရှိ အဆောင်ထဲတွင်ပင် နေထိုင်ခွင့်ပြုထားရန်၊ နေပြန်ကောင်းလာပါက သင့်တော်သော အလုပ်တစ်ခုတွင် ပြန်လည် ခန့်အပ်ပေးရန် စသည့်အချက်များကို အလုပ်ရှင်နှင့် ညှိနှိုင်းပြောကြားထားကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်ဘက်က နုတ်ဖြင့် သဘောတူထားပြီးဖြစ်ပြီး အလုပ်သမားရုံးတွင် လက်မှတ်ထိုး အတည်ပြုပေးရန် စောင့်ဆိုင်းနေဆဲဖြစ်သဖြင့် ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုများနှင့်ပက်သက်၍ နစ်နာကြေးများရရှိရန် အလုပ်ရှင်ထံ တောင်းဆိုရမည်ဖြစ်ပြီး အကယ်၍ အကူအညီလိုအပ်ပါက မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ တိုင်ကြားသင့်ကြောင်း WAG အဖွဲ့က အကြံပြုထားသည်။