ပုလောမြို့နယ်၊ ပဲ့ထောင့်ကျေးရွာတွင် အရပ်သားနေအိမ်နှစ်ဆောင် ထပ်မံမီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။
စက်တင်ဘာ ၂၆ ရက်ညဦးက နေအိမ်နှစ်ဆောင် မီးရှို့ခံရပြီး ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများကပြောသည်။
“တစ်ဆောင်က နည်းနည်းပဲလောင်တယ်။ အိမ်နီးနားချင်းတွေ ဝိုင်းငြှိမ်းလိုက်လို့ အိမ်အနောက်ဘက်ပဲ နည်းနည်းလောင်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။
မီးရှို့ခံရသည့် နေအိမ်နှစ်ဆောင်စလုံးတွင် လူနေထိုင်ခြင်းမရှိဘဲ စစ်ရှောင်နေကြသည်ဟု ဒေသခံများ ထံမှသိရသည်။
“ရှို့တဲ့လူ ဘယ်သူဘယ်ဝါဖြစ်နိုင်တယ်ဆိုတာ အိမ်နီးနားချင်းတွေက ခန့်မှန်းပြောဆိုနေကြတယ်။ အတိအကျကတော့ မပြောနိုင်သေးဘူး” ဟုဒေသခံနောက် အမျိုးသားတစ်ဦးကပြောသည်။
ပဲ့ထောင့်ရွာအပါအဝင် ၊လက္ကူး၊ပိတပ်၊မြတောင်၊မှော်ကြောင်း၊ပြင်းဖြူ စသည့်ကျေးရွာတဝိုက်တွင် စက်တင်ဘာ ၁၁ မှ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယခုလတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက္ကူးရွာမှ နေအိမ် ၁၇ ဆောင်၊ပြင်းဖြူရွာမှ နေအိမ် ၅ ဆောင်၊မြဒေါင်ရွာမှ ၂ ဆောင်နှင့် ပိတပ်ရွာမှ နေအိမ် ၅ ဆောင်တို့ကို မီးရှို့ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နေအိမ်မီးရှို့ခံရမှုများတွင် ပုလောမြို့နယ်သည် မီးရှို့ခံရမှုအများဆုံး ဖြစ်သည်။