BREAKING
January 15, 2025

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှုတွင် ပိတ်မိနေသူသုံးဦးကို သုံးရက်နီးပါးကြာအထိ မကယ်နိုင်သေး

August 27, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသော မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် သုံးဦးကို ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းအထိ ကယ်တင်နိုင်ခြင်းမရှိသေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျမှုသည် ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီးနောက် သုံးရက် နီးပါးကြာသည်အထိ ပိတ်မိနေသူသုံးဦးကို ကယ်တင်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်။

ပြိုကျမှုဖြစ်ခဲ့ပြီးနောက် နာရီ ၆၀ ခန့်အကြာ ယနေ့ နေ့လယ်ပိုင်းက ပိတ်မိနေသူများ အသက်ရှင်နေသးသည်ဟု ယုံကြည် ရသော လက္ခဏာ (vital signs) ကို စစ်ဆေးတွေ့ရှိရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့တွင် တရုတ်အဖွဲ့များကပါ ဝင်ရောက်ပူးပေါင်းလာခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီအထိ ပိတ်မိနေသူများအနက်တစ်ဦးကို ခြေရာခံနိုင်ခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

“အကယ်၍ မြေကြီးတွေ ပိုပိုတူးလိုက်ရင် ထပ်ပြိုကျလာနိုင်လို့ ပိုအန္တရာယ်ရှိနေတယ်” ဟု ယင်းနေရာသို့ ကွင်းဆင်း ရောက်ရှိ နေသော ဒုဝန်ကြီးချုပ် Anutin Charnvirakul က ပြောသည်။

အထဲတွင် ပိတ်မိနေသူများကို ကယ်တင်နေစဉ် နောက်ထပ်ပြိုကျမှုများ ထပ်ဖြစ်မလာနိုင်စေရန် ယာယီမျက်နှာကျက်များကို တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

မြေပြိုကျမှုကြောင့် ပိတ်မိနေသူများမှာ ထရပ်ကားမောင်းသူ မြန်မာအလုပ်သမားတစ်ဦးနှင့် တရုတ်နိုင်ငံသား နှစ်ဦးတို့ ဖြစ်ကြသည်။

လက်ရှိအချိန်အထိ ပိတ်မိနေသူ သုံးဦးသည် အသက်ရှင်နေသေးသော လက္ခဏာများကို စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် အားလုံး အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားကြကြောင်း ထိုင်း SRT (မီးရထား) ခေါင်းဆောင်အဖွဲ့က ယူဆထားကြသည်။

ပိတ်မိနေသူ သုံးဦးအနက် နှစ်ဦးသည် အသက်ရှင်သည့် လက္ခဏာ ပြသနေသည်မှာ အားနည်းနေကြောင်း ဖော်ပြထားသည်။

မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းသည် အရှည် ၂၅၁ ကီလိုမီတာရှိပြီး ဘန်ကောက်-နခွန်ရတ်ချ်စီမားခရိုင်များကို ဆက်သွယ်ထားကာ လာမည့် ၂၀၂၈ တွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

Ref: The Nation Thailand, Khoasod English, Thai Enquirer