BREAKING
October 18, 2024

ဖူးခက်မြေပြိုမှုတွင် သေဆုံးသော ထားဝယ်ဒေသခံများ၏အလောင်းများကို ဘုန်းကြီးကျောင်းများသို့ပြောင်းရွှေ့

August 27, 2024

ပုံစာ - ဦးကျော်လွင်ကို ဝပ်တိုင်းဘုန်းကြီးကျောင်းတွင် ဩဂုတ်လ ၂၆ ရက်က ထားရှိစဉ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ မြေပြိုမှုတွင် သေဆုံးခဲ့သော ထားဝယ်ဒေသခံရှစ်ဦး၏ ရုပ်အလောင်းတို့ကို ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် ဆေးရုံမှထုတ်ယူပြီး ဘုန်းကြီးကျောင်း ငါးကျောင်းသို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံများထံမှ သိရသည်။

ရုပ်အလောင်းများကို မိသားစုဝင်များက ဆေးရုံမှ ထုတ်ယူခဲ့ပြီး သက်ဆိုင်ရာဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့၍ သင်္ဂြိုဟ် မည့်ကိစ္စများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

“မိသားစုဝင်တွေကနေ နေ့တွေသတ်မှတ်ပြီး သင်္ဂြိုဟ်ကိစ္စတွေ စီစဉ်ကြလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူ ထားဝယ်ဒေသခံရှစ်ဦးအနက် ကိုကျော်လွင်၏ ရုပ်အလောင်းကို ဝပ်တိုင်းဘုန်းကြီးကျောင်း၊ ကိုရာဇာထက်နှင့် မချိုယဉ်သန်းတို့၏ ရုပ်အလောင်းတို့ကို ကတဘုန်းကြီးကျောင်းများတွင် ထားရှိထားပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း ကူညီဆောင်ရွက်နေသူတို့ထံမှ သိရသည်။

မအိအိဖြိုးလှိုင်၏ ရုပ်အလောင်းကို ကော့စေလီဘုန်းကြီးကျောင်းတွင်ထားရှိပြီး လာမည့်ကြာသပတေးနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မလဲ့လဲ့စန်း၊ မအိအိစန်းနှင့် ကိုအောင်ပိုင်ဖြိုးတို့၏ အလောင်းတို့ကို ဝပ်ချလွန်ဘုန်းကြီးကျောင်းတွင်ထားရှိပြီး လာမည် စနေနေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း သိရသည်။

ကမြောကင်းဒေသခံ မမျိုးမြတ်မြတ်အေး၏ အလောင်းကို ရနောင်းရှိ ဘုံကျောင်းသို့ သယ်ဆောင်သွားကြောင်း ကူညီဆောင်ရွက်နေသူတို့ထံမှ သိရသည်။

ဖူခက်မြို့တွင် တစ်ညလုံး မိုးကြီးခဲ့ပြီးနောက် ဩဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကတရပ်ကွက်ရှိ တောင်ကုန်းပေါ် မြေပြိုပြီး ထားဝယ်ဒေသခံ ရှစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသူများသည် လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်ဒေသခံများဖြစ်ကြသည်။