ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ခွင့်လို့ ပြောလိုက်ရင် စိတ်ပူတတ်ကြတာရှိပါတယ်။ ခွဲထွက်ဖို့ စိတ်တောင်မကူးပါ။ အတူနေတိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှ နေမှာပါ။
အခြားဒေသတွေနဲ့ ရန်ဖြစ်ဖို့ မရည်ရွယ်သလို ကိုယ်တတ်နိုင်သမျှ ကူညီဖို့ လုပ်မှာပါ။
ဒီမိုကရေစီကို မြည်းစမ်းခွင့်ရတဲ့ ၂၀၁၁ နဲ့ ၂၀၂၀ ကြား အုပ်ချုပ်ရေးစနစ်ကို အရွယ်ရောက်သူတိုင်းသိကြပါတယ်။
ရပ်/ကျေးအုပ်ချုပ်ရေးက သဘောတရားအရ ဒီမိုကရေစီဆန်တယ်။ ဖြစ်စဉ်၊ ကျင့်စဉ်မှာတော့ ပြောစရာတွေ ရှိမပေါ့။ မြို့နယ်အဆင့် အုပ်ချုပ်ရေး (ထွေအုပ်ကစပြီး ဌာန ၃၀ကျော်) ကို ဗဟိုကပဲ ခန့်ပါတယ်။ ခရိုင်အဆင့်လည်း အလားတူပါ။
ဒီနေရာမှာ ထားဝယ်ကိုပဲ စဉ်းစားတဲ့အတွက် ခရိုင်အဆင့်အထိပဲ ဆွေးနွေးထားဦးပါမယ်။
ပြောချင်တာက မြို့နယ်-ခရိုင်အဆင့်မှာ ထားဝယ်ပြည်သူက ရွေးချယ်ခန့် ထားတဲ့သူ တစ်ယောက်မှမပါပါဘူး။ ဒီအဆင့်ကလူတွေနှိပ်စက်လို့ ပြည်သူကရင်ဆိုင်ရင် သူပုန်သတ်မှတ်တော့တာပဲ။ ကန့်လန့်တိုက်သူ၊ ဗဟိုအစိုးရကို ဆန့်ကျင်တယ်လုပ်တာပါပဲ။ ခန့်ထားတဲ့ ဗဟိုကလည်း လူမလဲသလို ပြည်သူကို ရန်သူသတ်မှတ်တာပါ။ ဘာလာလာ မိုးပေါ်က ကျလာလို့ ပြည်သူက ဆင်းရဲလှပြီ။
ဒါကြောင့် ကိုယ့်ဒေသကိုယ်အုပ်ချုပ်ချင်တယ်ဆိုတာ အခြေခံအားဖြင့် ခရိုင်ဒေသအဆင့်အထိ ရွေးချယ်ခန့်ထားခွင့်ယူချင်တယ်။ ခရိုင်ဆိုတာ အသွင် သဏ္ဍာန်သဘော၊ အခေါ်အဝေါ် သဘောသာ ဖြစ်ပါတယ်။ ကြိုက်သလို အမည်တပ် ခေါ်ဝေါ်နိုင်ပါတယ်။ အနှစ်သာရကတော့ ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ချင်တာပါ။
(၂)
ကိုယ့်ဒေသကိုယ် အုပ်ချုပ်မယ်ဆိုတာ အခြားဒေသတွေနဲ့ရန်ဖြစ်ဖို့ မရည်ရွယ်သလို ကိုယ်တတ်နိုင်သမျှကူညီဖို့လုပ်မှာပါ။
အခုဖြစ်နေတဲ့ ရှစ်ပြည်/၁၄ ပြည် ဆိုတာတွေက လူမျိုးကြီးအုပ်စုတွေရဲ့အသံပါ။ လူမျိုးစုငယ်တွေရဲ့အသံမကြားမိပါဘူး။
ကိုယ့်အုပ်စု ထားဝယ်အတွက် ကိုယ်ပြောကြတာ ဖြစ်သလို ဒီအဖြစ်မျိုးအခြား တိုင်းရင်းသား အုပ်စုတွေလည်း ကြုံနေရပါတယ်။ မြောက်ဘက်စွန်းက ကချင်ကိုစဉ်းစားရင် မြောက်ဘက်က ရဝမ်-လီဆူး၊ တောင်ဘက်မှာ ရှမ်းနီ။ ရှမ်းပြည်နယ်ထဲက ဓနု၊ တောင်ရိုး၊ အင်းသား အုပ်စုတွေ ရှိပါတယ်။
ကိုယ့်ဒေသမှာလည်း ထားဝယ်နဲ့ဘိတ် (မြိတ်)က မတူခြားနားတာတွေရှိတယ်။ စကားမတူ၊ အယူအဆခြင်း ကွဲပြားတာတွေ ရှိတယ်။ ထားဝယ်တွေကရှေးဆန်တယ်။ ဘိတ်က စီးပွားရေးမြို့။ စကားပေါင်းစုံပြောတဲ့ ကော့သောင်းက နယ်စပ်မြို့။ အသွင်မတူပါဘူး။ ကျန်မြို့နယ်တွေကလည်း အရေးပါတာပဲ။
တစ်ရွာလုံးမီးလောင်နေချိန် ကိုယ့်အိမ်ကိုယ် မီးငြိမ်းကြရတာပါ။ ကိုယ့်အိမ်ငြိမ်းရင် ဘေးအိမ်တွေဝိုင်းငြိမ်းမှာပါ။ ပထဝီနိုင်ငံရေးအရ ဗဟိုအစိုးရတွေရဲ့ စဉ်းစားမှုမှာ တနင်္သာရီဟာ သိပ်အရေးမပါ၊ ဦးစားပေးမခံရပါဘူး။ ဗမာ၊ ထိုင်း (ဒေသခံတွေကတော့ ရှမ်းလို့ခေါ်ကြတယ်)၊ မွန် လူမျိုးတွေက သူတို့ အားကြီးရင် အားကြီးတဲ့ အလျှောက် သိမ်းပိုက်တာ၊ အနိုင်ကျင့်တာတွေ သမိုင်းကြောင်းအရ ရှိခဲ့ပါတယ်။ အခုထိလည်း ဒီအတိုင်း လိုလိုဖြစ်နေဆဲပါပဲ။ မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတာ၊ PDF ပေါ်လာတာ ဘာကြောင့်လဲဆိုတာ စဉ်းစားမိရင် မခက်ပါဘူး။
ဒါကြောင့် ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ချင်တယ်။
(၃)
ဒေသတွင်းမှာ အတူနေတိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှနေမယ်။ ထားဝယ်မှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာဆိုတာ မရှိသလောက်ပါ၊ စုန်းပြူးအချို့တော့ရှိတယ်။
ဘုန်းကြီးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း တစ်နေရာတည်းမှာတွေ့နိုင်သလို ခပ်လှမ်းလှမ်းမှာ ခရစ်ယာန်ဘုရားကျောင်းရှိတယ်။ တရုတ်ဘုံကျောင်းဆိုလည်း ခမ်းနားနေတာပါ။
ရှိပြီးသား အလှတရားတွေကို ထိန်းထားပြီး ခေတ်နဲ့အညီ ကျင့်ကြရင် အယဉ်ဆင့်ပါတယ်။
ထားဝယ်ဒေသမှာ ထားဝယ်တွေက လူများလို့ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားတွေကိုရော၊ အခြားဘာသာဝင်တွေကိုရော အနိုင်ကျင့်နှိပ်စက်မယ်လို့ ပြောတဲ့ ထားဝယ်မတွေ့ဖူးပါ။
KNLA က တာဝန်ရှိသူတစ်ယောက်က ကျောက်မဲဆရာတော်ကြီးရဲ့ လက်သုံးချောင်းတရားကို အားလုံးလိုက်နာကျင့်သုံးသင့်တယ် ပြောတယ်။ ခရစ်ယာန်တစ်ယောက်ရဲ့ နှလုံးသားကိုတွေးရင်းကျေနပ်မိတယ်။
အရင်ဆုံး ရိုးသားလိုက်ပါ။ နားလည်ပေးလိုက်ပါ။ လေးစားလိုက်ပါ။ ငြိမ်းချမ်းရေးက ကျွန်တော်တို့၊ ခင်ဗျားတို့က စပါတယ်။
ကိုယ့်ရိုးရာဓလေ့၊ သူ့ရိုးရာဓလေ့ အပြန်အလှန် သိရှိနားလည်ထားရင် ဘာမှမခက်ပါ။ ကိုယ်တန်ဖိုး ထားမြတ်နိုးတာကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို သူမြတ်နိုးတန်ဖိုးထားတဲ့အရာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကူညီကြရပါမယ်။
ဘယ်မိဘမဆို အရွယ်ရောက်လာတဲ့ သားသမီးကို ကိုယ့်ခြေထောက်ပေါ် မားမားမတ်မတ်ရပ်တာ မြင်ချင်တာပဲ။ အသက် ၈၀ ပြည့်တော့မယ့် အမေအိုကြီးလည်း ဒီသဘောအတိုင်းပဲ။ အမေ . . . အမေနဲ့ . . . အမေစိတ်ကိုနားလည်ကြပါ။ ဒီအမေအိုကြီး လုပ်နိုင်ရင် နောက် ၁ဝ နှစ်ပေါ့။ တကယ်တော့ သားတွေ၊ မြေးတွေနဲ့ အေးအေးချမ်းချမ်းနေစေချင်ပါတယ်။
မတူခြားနားသူတွေ အချင်းချင်း ဖေးဖေးမမ ညီညီညွတ်ညွတ်နေလို့ရတယ်။ ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်နိုင်တယ်။
(၄)
ဒါကဖြစ်သင့်တာ ကိုပြောတယ်ပါ။ လက်တွေ့ရင်ဆိုင်ရမှာ တွေ အများကြီးရှိပါတယ်။
ကုန်းမြေ စတုရန်းမိုင် နှစ်သိန်းခွဲ ကျော်ကျယ်တဲ့ နိုင်ငံမှာ ထားဝယ်က စတုရန်းမိုင် ၅၇၀၀ လောက် ရှိပါတယ်။ လူဦးရေ သန်း ၅၀ ကျော်မှာ ၅ သိန်းလောက်ရှိတဲ့ ထားဝယ်။ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးရောက်နေတဲ့ ထားဝယ်ပေါင်းမှ တစ်သန်းလောက် ရှိမှာ။ ခက်ခဲမယ်။ ရင်ဆိုင်ရမှာတွေရှိတယ်။
(၁) အာဏာရှင်အုပ်စု။ ဗဟို အစိုးရလို့ သတ်မှတ်တယ်။ သူတို့အကျိုးစီးပွားလျော့နည်းမှာဖြစ်လို့ လက်မခံ။ စစ်တိုက်ပြီး ရသမျှယူတယ်။ အခုချိန် သက်သေပါ။ ဓာတ်ငွေ့ပိုက်လိုင်း၊ ခရိုနီအကြီးစားတွေ၊ ဆီအုန်းကုမ္ပဏီတွေက နမူနာပါ။
(၂) အာဏာရှင်မီ ဒေသခံအုပ်စု။ ဗဟိုကမြှောက်ပေး၊ အခွင့်အရေး လေးပေးထားလို့ ဘုရားထူးသူတွေ။ အခု…အများခေါ်နေတဲ့ ဘောမတွေ ထမိန်ခြုံတွေ သွေးခွဲခံထားရသူတွေ။ ကိုယ့်အချင်းချင်း စိန်နားကပ်ရောင်နဲ့ ပါးပြောင်သူတွေ။ ဒေသခံ ခရိုနီတွေ။
(၃) ယောင်ခြောက်ဆယ်အုပ်စု။ နိုင်ငံရေး စဆရက တွေ။ ဘယ်သူလာလာ ဘုရားထူးသူတွေ။ ကိုယ်ရရင် ပြီးရောလူတွေ၊ နိုင်ငံရေး Project Seeker အုပ်စု။
ဒေသခံဆိုတာ နေထိုင်ရာဒေသမှာ အမြဲ ခံနေရတဲ့လူတွေဖြစ်လို့ ဒေသနေလို့ ပြောင်းကြတယ်။ စကားလုံးသာပြောင်းသုံးကြပေမယ့် ခံမြဲခံနေကြရတာပါ။ ပြည်သူအတွက်တကယ်တွေးလား သူ့ဒေသသူအုပ်ချုပ်ပါစေ။ အုပ်ချုပ်နိုင်အောင် လုပ်ကြရမှာပါ။
ဘိုးဘွားစဉ်ဆက် နေထိုင်လာတဲ့ ဒီမြေ ဒီရေ ဒီတော ဒီတောင် ဒီပင်လယ်ကို ဒီသားမြေးတွေက စီမံအုပ်ချုပ်ခွင့် လိုချင်တာ အမှားလားဗျာ။ အခြားသူလာအုပ်ချုပ်လို့ ကောင်းတာရှိလား။ အင်္ဂလိပ်ခေတ်ကမှ ပြောစရာရှိဦးမယ်။
(၅)
ထားဝယ်ဒေသအဆင့်ရှိ၊ သက်ဆိုင်ရာ မတူကွဲပြားတဲ့ အမှတ်သရုပ်ရှိတဲ့ အုပ်စုတိုင်း ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်ခွင့် ရသင့်ပါတယ်။
ဘာကြောင့် ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ခွင့်ရသင့်လဲဆိုတာ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ကိုယ့်မြေကိုယ့်ရေ တောတောင်သဘာဝနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီပွားရေးစတာတွေစီမံခန့် ခွဲမှ ပိုထိရောက်မှာပါ။ ကိုယ့်ကိစ္စ ကိုယ်လုပ်ဖို့ အခွင့်အာဏာ လုပ်ပိုင်ခွင့် အပြည့်လိုချင်ပါတယ်။
ဒါက ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ခွင့်ရရေးပါ။ ဒါကို ဖက်ဒရယ်စနစ်ပုံစံနဲ့ ဘယ်လိုချိတ်မလဲ၊ ဖြစ်သင့် ဖြစ်ထိုက်ရင် အဲဒီ ဒေသအဆင့်ကို ဖက်ဒရယ်ယူနစ်ပုံစံ၊ မီနီ ဖက်ဒရယ်ယူနစ်လိုမျိုး စဉ်းစားမလား၊ ဘယ်လို စဉ်းစားကြမလဲ။ ဒါကို ပစ်ပယ်ထားလို့ မရပါဘူး။
အခုပြောဖို့ စောသလား။ မစောပါဘူး။ နောက်တောင် ကျနေပါသေးတယ်။ တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံ အခုကတည်းက စဉ်းစား၊ ဆွေးနွေးထားကြရမှာပါ။
ဆရာဇော် (စိတ်ပညာ)