BREAKING
January 15, 2025

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူအမျိုးသမီး သေဆုံး

August 27, 2023

ရေဖြူမြို့ အနောက်ဘက်ကမ်း ရပ်တော်မူဘုရားလမ်းဆုံအနီးတွင် စစ်‌ကောင်စီတပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးမှာ မနေ့(သြဂုတ် ၂၆)ညပိုင်းတွင် သေဆုံးသွားသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

သေဆုံးသူမှာ ရေဖြူမြို့နေ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်သွယ်သွယ်ဝင်းဆိုသူဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်နေ့က ရေဖြူရပ်တော်မူဘုရားလမ်းဆုံးအနီးတွင် စစ်ကောင်စီတပ်က ဖမ်းလာသူတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် ဒေါ်သွယ်သွယ်ဝင်း အပါအဝင် ဒေသခံလေးဦး ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်သွယ်သွယ်ဝင်းသည် သေနတ်ထိမှန်ပြီးနောက် ရှစ်ရက်အကြာ ဩဂုတ်လ ၂၆ ရက် ည ၇ နာရီ ခွဲခန့်တွင် မက်ဒီလန်းဆေးရုံ၌ သေဆုံးသွားသည်ဟု ‌ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

“ထိတာက ဒူးခေါင်းမှာတစ်ချက်၊ ပေါင်ရင်းဆီးအိမ်နားမှာ တစ်ချက်၊ ဆီးအိမ် ချုပ်လိုက်ရတယ်။ အူမ နှစ်ချက်ထိတယ်။ ဒူးခေါင်းကကျည်ဆံလည်း မထုတ်ရသေးဘူး”ဟု ၎င်းကပြောသည်။

ဒေါ်သွယ်သွယ်ဝင်းသည် ATOM အရောင်းကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး သေဆုံးချိန်တွင် ခင်ပွန်းနှင့် အသက် ၁၁ နှစ်အရွယ် သမီးတစ်ဦး၊ ၈ နှစ်အရွယ် သားတစ်ဦးတို့ ကျန်ခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများ၏ ပြောကြားချက်အရသိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့က စစ်တပ်ကပစ်ခတ်သည့် ကျည်ဆန်ထိမှန်သူ အရပ်သားလေးဦးရှိပြီး ဒေါ်သွယ်သွယ်ဝင်း နှင့်ကျောက်ထောင့်ရွာသူ မနန္ဒာ တို့မှာ ဒဏ်ရာပြင်းသည့်အတွက် ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။

အခြား ဒေသခံနှစ်ဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။