BREAKING
September 8, 2024

သက်တံရောင်အလံအောက်က တော်လှန်ရေးသမား

July 27, 2024

မိုးရိပ်၊ မိုးသားတွေအပြည့် အုံ့မှိုင်းနေတဲ့ ကောင်းကင်ပေါ်ကို မီးခိုးလုံးကြီးတွေ တစ်လိမ့်လိမ့်တက်လာနေတာကို ပြင်းချောင်းရွာသားတွေ အဝေးကအတိုင်းသား တွေ့နေရပါတယ်။

ဘယ်သူမှ အနားမကပ်ဝံ့ကြ။

ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကတည်းက လောင်းလုံးမြို့ အောက်ဖက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လုပ်နေကျအတိုင်း လမ်းတစ်လျှောက်မှာတွေ့တဲ့ ပြည်သူ့နေအိမ်တွေကို မထင်ရင် မထင်သလို မီးရှို့ဖျက်ဆီးသွားပါတယ်။

အခုလည်း ညင်းမော်ရွာက နေအိမ်သုံးဆောင်ကို မီးရှို့ပြီးဖြစ်တဲ့ စစ်‌ကောင်စီတပ်ဟာ အဲဒီကနေ ပြင်းချောင်းရွာကိုရောက်လာပြီး အကြမ်းမဖက် လူထုသပိတ်တိုက်ပွဲ ဆင်နွှဲနေသူတစ်ဦးဖြစ်တဲ့ ဆူနာမီရဲ့ ပြင်း‌ချောင်းရွာက နေအိမ်ကို မီးရှို့ဖျက်ဆီးနေကြတာပါ။

အိမ်မီးလောင်နေတာကို စိမ်ပြေနပြေ ဝိုင်းအုံကြည့်နေကြတဲ့ စစ်ကောင်စီတပ်ဟာ အပေါ်ထပ်တစ်ပိုင်းလုံး မီးလောင်သွားပြီဆိုတာသေချာမှ ထွက်ခွာသွားကြပါတော့တယ်။

တော်လှန်ရေးမှာ ပါဝင်ကတည်းက တစ်နေ့ဒီလိုအဖြစ်အပျက်တွေ ရှိလာမယ်ဆိုတာကို ဆူနာမီ မျှော်လင့်ထားပြီးသားပါ။

ဒါပေမဲ့ လက်တွေ့ရင်ဆိုင်လိုက်ရချိန်မှာတော့ ပုထုဇဉ်လူသားတစ်ဦးပီပီ ဝမ်းနည်းတုန်လှုပ်မိတာ မဆန်းလှပါ။ ဒီအိမ်က သူ့မိသားစု ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့အိမ်၊ သူ့အဖေခေါင်းချသွားတဲ့ အိမ်။

အခုတော့ မျက်စိရှေ့မှာ ‌ပြာပုံအတိ။

စိတ်ဒဏ်ရာတွေက သူ့အတွက်တော့ မထူးဆန်းတော့သလို ဖြစ်နေပါပြီ။ ငယ်စဉ်ကတည်းက ဖိနှိပ်မှုမျိုးစုံ ကြုံနေခဲ့တဲ့သူ့အတွက် စိတ်ဒဏ်ရာ အထပ်ထပ်နဲ့ အသားမာတောင် တက်နေဟန်တူပါတယ်။

ဒီစိတ်ဒဏ်ရာတွေကပဲ သူ့ကို တော်လှန်ရေးသမားတစ်ဦး ဖြစ်လာစေခဲ့တာပါ။ အာဏာမသိမ်းခင်က LGBT အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူက အခုတော့ သက်တံရောင်အလံကို ကိုင်စွဲပြီး စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေရပြန်ပါပြီ။

စိတ်ဒဏ်ရာတွေနဲ့ ငယ်ဘဝ

“ဆူနာမီ” ဆိုတာ တော်လှန်ရေးနာမည်။ ခင်မင်တဲ့သူတွေက သူ့ကို မိဂျွန်းလို့လည်းခေါ်ကြတယ်။

“မိ”ဆိုတာ ထားဝယ်က မိန်းကလေးတွေ‌ရဲ့နာမည်ရှေ့မှာတပ်ခေါ်တာပါ။ ဂျွန်းဆိုတာက ပြင်းချောင်းရွာရဲ့ ချောင်းကိုယူထားတာပါ။ ထားဝယ်လိုဆို ပ္လန်ဂျွန်းဝါ (ပြင်ချောင်းရွာ)။

မိဘတွေက ဆူနာမီကို သားယောက်ျားလေးဖြစ်သဖြင့် ယောက်ျားလေးလိုသာ နေထိုင်စေချင်ပေမယ့် သူကိုယ်တိုင်ကတော့ အမျိုးသမီးလိုဝတ်စားကာ နေထိုင်လိုသူပါ။

ကလေးဘဝကတည်းက မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင်နေထိုင်တာကို နှစ်သက်တဲ့ ဆူနာမီရဲ့ ငယ်ဘဝဟာ ပျော်စရာသိပ်မကောင်းခဲ့ပါဘူး။

အိမ်က မိသားစုဝင်တွေကအစ ကျောင်းက ဆရာ၊ ဆရာမအဆုံး ပတ်ဝန်းကျင်တစ်ခုလုံးဟာ သူ့ရဲ့ဖြစ်တည်မှုကို နားလည်လက်ခံနိုင်စွမ်း မရှိခဲ့ကြပါဘူး။

“နင်ကဂံဒူး၊ အခြောက်ဖြစ်နေလို့ ငါတို့နင့်ကြောင့် အရှက်ကွဲရတယ်ဆိုပြီး အဖေကတစ်လှည့်၊ အစ်ကိုတွေ၊ အစ်မတွေက တစ်လှည့် ဝိုင်းအပြစ်တင်တာခံရတယ်” လို့ ဆူနာမီက သူ့ရဲ့ငယ်ဘဝ ဖြတ်သန်းခဲ့ရတဲ့အကြောင်း တစ်စိတ်တစ်ပိုင်းကို ပြန်ပြောင်းပြောပြပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားတဲ့သူဟာ ငယ်ဘဝတစ်လျှောက်လုံး ခွဲခြားဆက်ဆံခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာတွေနဲ့ ကြီးပြင်းလာခဲ့ရတာပါ။ အဲဒီခွဲခြားဆက်ဆံခံရမှုတွေထဲက ဒီကနေ့အထိ မှတ်မှတ်ရရရှိနေတဲ့ အကြောင်းအရာတစ်ခုကတော့ သူခြောက်တန်းကျောင်းသားအရွယ်လောက်က အဖြစ်အပျက်တစ်ခုပါ။

အတန်းဖော်ကျောင်းသားတစ်ဦးက သူ့ကိုလိင်ပိုင်းဆိုင်ရာထိပါးခဲ့တာကြောင့် အတန်းပိုင်ဆရာမကို သွားတိုင်ခဲ့ပေမယ့် ကျူးလွန်တဲ့သူကို အပြစ်ပေးတာမျိုး ဆုံးမသွန်သင်တာမျိုးလုပ်ရမယ့်အစား တိုင်တဲ့သူ့ကို ပြန်ပြီးအပြစ်တင်တဲ့ စကားတွေနဲ့ ပြောဆိုလွှတ်လိုက်တာကိုခံလိုက်ရပါတယ်။

“သူ့ပစ္စည်းကို ကိုင်ခိုင်းတယ်။ အဲဒါကို ဆရာမကိုသွားတိုင်တယ်။ ဆရာမက နင်က ယောက်ျားလေးပဲ။ ယောက်ျားအချင်းချင်းဆိုရင် ဒီလိုလုပ်တာ ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးပြောပြီး လွှတ်လိုက်တယ်” လို့ ဆူနာမီက ဆိုပါတယ်။

အတန်းဖော်သူငယ်ချင်းတွေဟာ အလားတူလိင်ပိုင်းဆိုင်ရာထိပါးတာတွေ၊ ဟားတိုက်တာတွေလုပ်တိုင်း ဆရာမကို ခဏခဏတိုင်ပေမယ့် ဘယ်တော့မှ အရေးတယူလုပ်တာမျိုးမရှိခဲ့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်က ပတ်ဝန်းကျင်နဲ့ ထိတွေ့ရမှာ စိုးရွံ့လာခဲ့ပြီး အပေါင်းအသင်းမရှိဘဲ တစ်ယောက်တည်း အထီးကျန်လာခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ပြီး ကျောင်းသွားရမှာ ကြောက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ ကျောင်းထွက်လိုက်ပါတော့တယ်။

LGBT+ အခွင့်အရေးလှုပ်ရှားသူ

ဒီလိုနဲ့ ဆူနာမီက ပညာရေးဆုံးခန်းမတိုင်တော့ပေ။ အလယ်တန်းအဆင့်နဲ့ ကျောင်းထွက်၊ မြို့တက်။ ထားဝယ်မြို့ပေါ်က အလှပြုပြင်ဆိုင်ကို သူရောက်ခဲ့ရပါတယ်။

ငယ်ဘဝက ဆိုးရွားလွန်းတဲ့ ခွဲခြားဆက်ဆံမှုတွေက သူ့ရဲ့ပညာရေးခရီးလမ်းကို ဖျက်ဆီးလိုက်တာလို့ ဆူနာမီကဆိုပါတယ်။

သူတို့ပျော်ရွှင်ဖို့ အစအနောက်ခံပေးနေရတဲ့ဘဝနဲ့ ဆူနာမီဟာ ကြီးပြင်းလာခဲ့ရတာပါ။ အခုအချိန်အထိလည်း လူတချို့ဟာ သူ့ကိုစနောက်စရာတစ်ခုလို ထင်မြင်နေကြဆဲပဲ လို့ သူက ဆိုပါတယ်။

အဆိုးထဲက အကောင်းတစ်ခုကတော့ သူထားဝယ်မြို့ပေါ်ရောက်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းပေါ် စတင်လျှောက်လှမ်းနေတဲ့အချိန်။ (၂၀၁၀ခုနှစ်ဝန်းကျင်) ဦးသိန်းစိန်အစိုးရ တက်ကာစအချိန်။

လူ့အခွင့်အရေး၊ LGBT+ (LGBTIQA+) အခွင့်အရေးဆိုတာတွေကို ထုတ်ဖော်ပြောဆိုစပြုနေကြပြီ။

ဆူနာမီလည်း ထိုင်းနိုင်ငံအခြေစိုက် LGBT+ အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ခုနဲ့ချိတ်ဆက်မိပြီး လိင်စိတ်ခံယူမှု ကွဲပြားနေသူတွေရဲ့ အခွင့်အရေးတွေကို နားလည်လာကာ LGBT+ အရေး လှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ငယ်ဘဝ စိတ်ဒဏ်ရာတွေဟာ ဆူနာမီကို LGBT+ အရေးလှုပ်ရှားသူတစ်ဦးဖြစ်လာဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

“ငယ်ငယ်တုန်းကတော့ အပေါင်းအသင်းတွေကြားမှာဖြစ်ဖြစ်၊ မိသားစုအသိုင်းအဝိုင်းကြားမှာဖြစ်ဖြစ် အနိုင်ကျင့်ခံထိထားရတော့ ငါ့လိုအနိုင်ကျင့်မခံခိုင်းစေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်တာလည်းပါတယ်” လို့ ဆူနာမီကဆိုပါတယ်။

ဒါကတော့ စစ်အစိုးရအုပ်ချုပ်တဲ့ အမှောင်ခေတ်မှာ နှစ်ပေါင်းများစွာ ဆုံးရှုံးနေခဲ့ရတဲ့ LGBT+ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူ့ရဲ့ပထမဆုံး တော်လှန်ရေးနေ့စွဲတွေပါ။

စစ်အာဏာရှင်ကို တော်လှန်သူ

အခုလည်း စစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက မြန်မာပြည်ကိုအမှောင်ထပ်ချပြီး လူ့အခွင့်အရေးတွေကို အကြီးအကျယ်ချိုးဖောက်လာပြန်ပါတယ်။ ထုံစံအတိုင်း ဆူနာမီကတော့ ချိုးဖျက်ခံလိုက်ရတဲ့ အခွင့်အရေးအတွက် တော်လှန်သူလူငယ်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

“စစ်အာဏာသိမ်းလိုက်တာက ငါတို့အတွက်အခွင့်အရေးဆိုတာ မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာ ပျက်သုဉ်းသွားပြီလို့ ခံစားလိုက်ရတယ်။ အဲဒီအခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ရင်းနဲ့ တော်လှန်ရေးထဲ ရောက်လာခဲ့တာ” လို့ ဆူနာမီက ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆူနာမီရေလှိုင်းလိုမျိုး သွေးအေးအေးနဲ့ ရိုက်ခတ်ဖျက်ဆီးပစ်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆူနာမီဆိုတဲ့ နာမည်ကို အဲဒီအချိန်မှာစပြီး ပေးဖြစ်ခဲ့တာပါ။

အရောင်အသွေးစုံအလံတွေကြားထဲ သက်တံရောင် LGBT+ အလံအောက်မှာတော့ အမျိုးသမီးလို ဝတ်စားဆင်ယင်ထားသူတွေကို ဦးဆောင်ရင်း ရှေ့ဆုံးက ချီတက်နေသူကတော့ ဆူနာမီပဲဖြစ်ပါတယ်။

“မတူကွဲပြားမှုတွေကို လက်ခံပြီး ခွန်အားအဖြစ်ပေါင်းစည်းကြ”

“ကြောက်စိတ်ကိုဖျောက် ခြောက်စိတ်တပ်ကာ စစ်ကောင်စီကို‌ တော်လှန်မယ်”

ဆူနာမီဟာ နွေဦးတော်လှန်ရေးကာလထဲ Dawei LGBT Community အဖွဲ့ကို စတင်ဖွဲ့စည်းပြီး ဦးဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ဦးဆောင်မှုနဲ့အတူ ဒေသတွင်းက LGBTIQA+ အချို့ဟာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) အဖွဲ့နဲ့ပူးပေါင်းပြီး အကြမ်းမဖက်လူထုတိုက်ပွဲနည်းနဲ့ အာဏာရှင်ကို တော်လှန်နေကြပါတယ်။

စစ်ကောင်စီတပ်ဟာ လူအင်အားသိန်းချီပါဝင်တဲ့ ထားဝယ်မြို့ပေါ်သပိတ် စစ်ကြောင်းတွေကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

အဲဒီနေ့ကစပြီး နေ့တိုင်းအကြမ်းဖက်ဖြိုခွင်းခံရလို့ သပိတ်စစ်ကြောင်းတွေဟာ နယ်ကျေးရွာတွေဘက်ကို ပြောင်းသွားကြပြီး အာရုဏ်ဦးသပိတ်ကနေ ညသပိတ်အထိ ပုံစံအမျိုးမျိုးနဲ့ ဆက်ပြီး အကြမ်းမဖက် လူထုတိုက်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။

ဆူနာမီဟာလည်း ထားဝယ်မြို့ပေါ်ကနေ ဇာတိဖြစ်တဲ့လောင်းလုံးမြို့နယ်ထဲ ပြန်ရောက်လာခဲ့ပြီး သပိတ်တိုက်ပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ပါတယ်။

နောက်ပိုင်း သူ့ကိုစစ်ကောင်စီက သတိထားမိသွားခဲ့ပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ စစ်ကောင်စီက တော်လှန်ရေးသမားတွေကို ပုဒ်မမျိုးစုံတပ် ဝရမ်းပြေးတံဆိပ်ကပ်လို့ လမ်းဆုံလမ်းခွတွေမှာ ကပ်ထားတဲ့ပုံတွေထဲ ဆူနာမီရဲ့ ဓာတ်ပုံလည်းပါဝင်လာပါတယ်။

လုံခြုံရေးအခြေအနေရ ဆူနာမီဟာ ကိုယ်ရောင်ဖျောက်ဖို့လိုအပ်လာပါပြီ။

ဇွန်လရဲ့ မိုးသည်းနေ့တွေထဲ အိမ်ပေါ်ကနေအထုပ်ပိုက်ဆင်းလာပြီး ရွာနဲ့အတော်အလှမ်းဝေးတဲ့ လယ်ကွင်းတွေထဲက တဲတစ်လုံးမှာ သူ ပုန်းခိုနေလိုက်ပါတယ်။

“စားဖို့ရိက္ခာတောင် သွားမယူရဲတဲ့ဘဝနဲ့ လယ်ထဲကတဲမှာ မိုးတွင်းပတ်လုံးနေခဲ့ရတာ။ ဆန်ကလွဲပြီး သားငါးတွေ အတွက်ကတော့ လယ်ထဲမှာပဲ ငါးရှာ၊ ကဏန်းရှာစားပြီးနေရတာ” လို့ ဆူနာမီက ဆိုပါတယ်။

မိုးအလွန်မှာတော့ ဆူနာမီဟာ ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်နေတဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေရဲ့ရှေ့ကို တဖန်ပြန်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အရင်လိုမျက်နှာကို တစ်စုံတစ်ခုနဲ့ ဖုံးကွယ်တာမျိုး လုံးဝမလုပ်တော့ပေ။

စစ်အာဏာရှင်တွေကို ပေါ်ပေါ်တင်တင်ပဲ သပိတ်မှောက်ဆန့်ကျင်ကြောင်းပြသခဲ့ပါတယ်။

အဲဒီအချိန်က လောင်းလုံးကျွန်းဆွယ်တကြောကို စစ်ကောင်စီတပ်၊ ရဲ၊ စစ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ့် ဝင်ထွက်ပြီး သပိတ်အဖွဲ့ဝင်တွေဖမ်း၊ မတွေ့ရင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီး၊ ချိတ်ပိတ်တာတွေ အကြီးအကျယ်ပြုမူနေချိန်ပါ။

သပိတ်အဖွဲ့ဝင်တွေလည်း လုံခြုံရေးအရ တိမ်းရှောင်နေကြရသလို ပြည်သူတွေမှာလည်း ကြောက်ရွံ့မှုတွေ ဖိစီးနေကြပါတယ်။ ပြောက်ကျားအင်္ကျီ မြင်ရင်တောင် ရဲရဲမကြည့်ဝံ့တဲ့အထိပါပဲ။

အဖက်ဖက်က ဖိနှိပ်ခံနေရပေမယ့် သပိတ်လူငယ်တချို့ကတော့ ရဲဝံ့စွာနဲ့ ရှောင်တခင် သပိတ်တွေပြုလုပ်ဆဲ။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသဆဲပါ။ ဆူနာမီဟာလည်း ပုန်းနေရာက ထွက်လာပြီး အဲဒီရှောင်တခင် ဆန္ဒပြ သပိတ်တိုက်ပွဲတွေရှေ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

“ပုန်းနေလို့လည်း မထူးဘူး။ ကိုယ်တွေက ကြောက်ပြနေရင် ပြည်သူတွေ ပိုကြောက်ကြမယ်။ အဲဒါက ကိုယ်ကရှေ့ထွက်ပြမယ်ဆိုပြီး မျက်နှာဖော်ပြီး သပိတ်ထွက်တယ်” လို့ ဆူနာမီကဆိုပါတယ်။

တချို့က သူ့ကိုမိန်းမလျာတစ်ယောက်၊ အခြောက်တစ်ယောက်ဆိုပြီး အထင်မကြီးဘဲ နေရင်နေပါလိမ့်မယ်။

နွေဦးတော်လှန်ရေးမှာတော့ သူဟာအာဏာရှင်စနစ်ဆိုးကို အရှိန်ပြင်းပြင်းရိုက်ခတ်ဖျက်ဆီးနေတဲ့ ဆူနာမီရေလှိုင်းတစ်လှိုင်း။ မုန်တိုင်းကြားက သက်တံတစ်ခုပါပဲ။

ဒါပေမဲ့ နိုင်ငံရေးကန္တာရခရီးကြမ်းကို ဖြတ်ကျော်နေရတဲ့ တော်လှန်ရေးသမားတိုင်းမှာ ပေးဆပ်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ မကင်းကြပါဘူး။ ဆူနာမီဟာလည်း အလားတူပါပဲ။

၂၀၂၂ ခုနစ် နှစ်လယ်ပိုင်းလောက်မှာ ဆူနာမီတို့ မိသားစု အသိုက်အမြုံလေးပျက်စီးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

အကြမ်းဖက်နည်းနဲ့ နှိပ်ကွပ်တဲ့ စစ်ကောင်စီ

အကြမ်းမဖက်နည်းနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို စစ်ကောင်စီက အကြမ်းဖက်နည်းမျိုးစုံနဲ့ နှိပ်ကွက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ လောင်းလုံးမြို့နယ်ထဲ ရေလမ်း၊ ကုန်းလမ်းတွေကနေ အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ဆူနာမီတို့ မိသားစုပြိုကွဲဖို့ဖြစ်လာခဲ့ပါတယ်။

သူ့မိသားစုဝင်တွေရဲ့ လုံခြုံရေးအခြေအနေအရ မွေးရပ်ဇာတိကို ကျောခိုင်းပြီး လွတ်မြောက်ရာကို ရွှေ့ပြောင်းစေခဲ့ပါတယ်။ အနာကျင်ရဆုံးကတော့ အသက် ၇၀ နီးပါးဖြစ်နေပြီဖြစ်တဲ့ မိခင်အိုကြီးကို ထိုင်းနိုင်ငံဆီထည့်လိုက်ရတာပါပဲလို့ ဆူနာမီက ရင်ဖွင့်ပါတယ်။

တော်လှန်ရေးထဲ ခြေစုန်ပစ်ဝင်ပြီးနောက်ပိုင်း မိသားစုအတွက် ဘာမှမလုပ်ပေးနိုင်တဲ့အပြင်မှာ ထပ်ပြီးအန္တရာယ်တွေ ကျရောက်လာအောင် လုပ်ခဲ့သလိုဖြစ်နေမိပါတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့ နှိပ်ကွပ်မှုက ဒီလောက်နဲ့ပြီးမသွားပါဘူး။

ဆူနာမီကို ဖမ်းဆီးနိုင်ဖို့ နေအိမ်ကိုမကြာခဏ လာရောက်ရှာဖွေနေတဲ့ စစ်ကောင်စီတပ်တွေက တော်လှန်ရေးကာလ သုံးနှစ်ကျော်အကြာအထိ ဖမ်းမမိခဲ့ပါဘူး။

ဒီနှစ် ဇူလိုင်လမှာတော့ ဆူနာမီရဲ့အိမ်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့ပြာချပစ်လိုက်ပါတော့တယ်။

သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုတွေကိုတောင်းပန်ရုံကလွဲပြီး၊ ဒဏ်ရာဒဏ်ချက်မကင်းတဲ့ တော်လှန်ရေးရဲ့ သဘောတရားတွေကို ရှင်းပြရုံကလွဲပြီး သူဘာမှမစွမ်းဆောင်နိုင်ခဲ့ပေ။

“ကျွန်တော်တို့မိသားစုကောင်းစားဖို့ထက် အခြားမိသားစုဘဝတွေပါကောင်းဖို့ အတွက် (အာဏာရှင်စနစ်ကို) တော်လှန်မှရမှာလို့ သူတို့ကိုရှင်းပြတယ်” လို့ ဆူနာမီကဆိုပါတယ်။

ဆူနာမီမှာ နေစရာမရှိတော့။ မိသားစုက အဝေးမှာ။ ဆွေမျိုးတွေကျန်‌သေးပေမယ့် တော်လှန်ရေးသမားတစ်ဖြစ်တဲ့သူ့ကို လက်ခံထားလို့မရဲကြ။

နေအိမ်ပြာကျသွားတဲ့‌နေ့ကစပြီး ဝတ်စုံတစ်စုံ၊ ကျောပိုးအိတ်တစ်လုံး၊ ဆိုင်ကယ်တစ်စီးနဲ့ ဆူနာမီ လျှောက်သွားနေပါတယ်။

“အခုလောလောဆယ်တော့ နေဖို့နေရာ တိတိကျကျမရှိသေးဘူး။ ရှာနေတုန်းပဲ” လို့ ဆူနာမီက‌ ဆိုပါတယ်။

ဒဏ်ရာတွေနဲ့ ဆူနာမီ

သူ့ဘဝကိုတော်လှန်ရေးထဲ နှစ်ထားနိုင်ပေမယ့် မိခင်အိုကြီးကိုလွမ်းတဲ့စိတ်ကတော့ တားမရဆီးမရ။ အမေဟာအိုနေပြီ။ အိုနေကာမှ သူမပျော်တဲ့ ရေမြေခြားကိုပို့လိုက်ရတယ်။

ထိုင်းနိုင်ငံတစ်နေရာမှာအမေဟာ လုံလုံခြုံခြုံရှိနေပေမယ့် သားရဲတောထဲက တော်လှန်ရေးသမားကြီး ဆူနာမီကို အမြဲစိတ်ပူပန်နေရှာသူ။

ညညမက်ခဲ့ရတဲ့အိမ်မက်ဆိုးတွေအပြင် မိခင်အိုကြီးကိုလွမ်းတဲ့စိတ်တွေကြောင့်လည်း အိပ်ရေးပျက်ခဲ့ရပေါင်း မရေနိုင်တော့ပေ။

“အိမ်မက်ဆိုးတွေမက်တဲ့အချိန်ဆို သားအမိနှစ်ယောက် ဖုန်းနဲ့စကားတွေပြောကြ၊ အလွမ်းသည်ကြတာပေါ့” လို့ပြောရင် ကျလာတော့မယ့်မျက်ရည်တွေကို ဆူနာမီက ပုဝါနဲ့သုတ်ပစ်လိုက်ပါတယ်။

သူ့အမေကြောင်းပြောနေရင်းက စကားသံတွေထွက်မလာတော့ဘဲ စက္ကန့်အနည်းငယ်အကြာ ဆူနာမီဆီက တိတ်ဆိတ်သွားပြီး ဝမ်းနည်းစိတ်တွေကို အတင်းဖြေဖြောက်ဖို့ကြိုးစားပါတယ်။

အကြမ်းမဖက်လူထုသပိတ်တိုက်ပွဲတွေမှာ ရှေ့တန်းကနေ ရဲရဲရင့်ရင့်ချီတက်လိုက်ပါနေသူ တစ်ဦး ဆိုပေမယ့် တကယ်တော့ဆူနာမီဟာ သာမန်လူတွေလိုပဲ ဝမ်းနည်းခံစားလွယ်သူတစ်ဦးပါ။ ငယ်ဘဝကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း ပါမယ်ထင်ပါတယ်။

အခုနွေဦးတော်လှန်ရေးမှာတော့ ဆူနာမီဟာ Dawei LGBT+ Community အဖွဲ့ကို ဖွဲ့တည်ထောင်ပြီး သူ့ဒေသက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTIQA+) တွေကိုဦးဆောင်ကာ အာဏာရှင်တော်လှန်ရေးခရီး အကြမ်းမဖက်လူထုသပိတ်တိုက်ပွဲ ဆင်နွှဲရင်း ဆက်လျှောက်လှမ်းနေပါတယ်။

တချိန်တည်းမှာပဲ လိင်စိတ်ခံယူမှုကွဲပြားနေတဲ့ LBGT တွေကို တစ်ဆင့်နှိပ်ချ ဖိနှိပ်၊ ခွဲခြားဆက်ဆံတဲ့ နိမ့်ကျတဲ့အတွေးအခေါ်တွေ ပြောင်းလဲသွားဖို့ကိုလည်း ဆန့်ကျင်တိုက်ပွဲဝင်နေပါတယ်။

“LGBT တိုင်းဟာ ညစ်ညမ်းနေတဲ့လူဆိုးတွေမဟုတ်သလို။ အိပ်ယာထက်ကကိစ္စ၊ လိင်ကိစ္စတွေကိုပဲ ပြောနေတဲ့ လူတွေမဟုတ်ဘူး။ သူ့နေရာမှာသူ ကျရာကဏ္ဍကို လုပ်နေကြတဲ့ LGBT တွေ အများကြီးရှိတယ်။ အနီးစပ်ဆုံးကတော့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းပေါ့” လို့ ဆူနာမီက ဆိုပါတယ်။

ဦးအောင်မျိုးမင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးတစ်ဦးပါ။ သူကိုယ်တိုင်ဟာ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT+) တစ်ဦးဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက လူ့အခွင့်အရး၊ LGBT+ အခွင့်အရေးတွေမှာ ထဲထဲဝင်ဝင်ဆောက်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်မျိုးမင်းဟာ သူ့အတွက် စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဆူနာမီက ခံယူထားပါတယ်။

ဘာလိုလိုနဲ့ ရက်ကိုလစား၊ လကိုနှစ်စားရင်းနဲ့ ဆူနာမီဖြတ်သန်းခဲ့တဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းဟာ သုံးနှစ်၊ သုံးမိုးကျော်လာခဲ့ပါပြီ။ အဲဒီအတောအတွင်း အာဏာရှင်စနစ်တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးသွားကြတဲ့ သူချစ်ရတဲ့သူတွေ မနည်းမနော။

ကျဆုံးအသက်ပေးသွားသူတွေဟာ သူ့ကို အိမ်မက်လာပေးနေကြပြီ။ ညညမက်တဲ့ခြောက်ခြားစရာ အိမ်မက်တွေထဲ ကျဆုံးသွားတဲ့ သူချစ်ရသူတွေရဲ့ပုံရိပ်ကို မြင်မြင်နေရတယ်။ အာဏာရှင်ကို အနိုင်တိုက်ပြီး အမျှဝေပေးဖို့ကိုတောင်းဆို နေကြပြီ။

သူတို့အတွက်၊ ပြည်သူတွေအတွက်၊ LGBT+ အသိုင်းအဝိုင်းအတွက် တော်လှန်ရေးအောင်ဖို့ သူဆက်ရုန်းဖို့ကလွဲပြီး အခြားမရှိတော့။ ဒီအတွက်လည်း ဆူနာမီမှာ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချထားပြီးသားပါ။

“ကျွန်တော်အသက်ရှိနေသရွေ့ကတော့ ကျွန်တော်တို့ရဲ့အလံတွေ လုံးဝမြေမကျစေရဘူး” လို့ ဆူနာမီက သူ့ဆုံးဖြတ်ချက်ကို ပြောဆိုလိုက်ပါတယ်။

No related posts found.