BREAKING
October 18, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

July 27, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်အထိ

လားရှိုး ရမခနဲ့ မိုးကုတ်မြို့ကို မြောက်ပိုင်းအဖွဲ့နဲ့ပူးပေါင်းတပ်တွေသိမ်းယူ

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ ပတ္တမြားမြေ မိုးကုတ်မြို့တို့ကို မြောက်ပိုင်းမဟာမိတ် တပ်တွေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူလိုက်ပါတယ်။

ရက်ပေါင်း ၂၀ကျော် တိုက်ခိုက်ပြီးနောက် လားရှိုး ရမခကို ဇူလိုင် ၂၅ ရက် မနက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ရယူထားပြီလို့ဆိုပြီး မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်လံ ရှင်းလင်းနေတယ်လို့လည်း ကြေညာထားပါတယ်။ လားရှိုး ရမခကို သိမ်းယူတာဟာ အာဏာသိမ်းပြီးနောက်မှာ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် သိမ်းယူနိုင်တာအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

စစ်ကောင်စီဘက်ကတော့ လားရှိုးမြို့ သိမ်းယူခံရတာ မမှန်ကြောင်း ငြင်းဆိုပါတယ်။ ဒါပေမဲ့ လားရှိုးမြို့ကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။

ဇူလိုင်လ ၂၇ရက်အထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး နေရာအများစုကိုတော့ ကိုးကန့်တပ်က ထိန်းချုပ် ထားပြီလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြခဲ့ကြပါတယ်။ လားရှိုးက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့လယ်ခေါင်က ဌာန ဆိုင်ရာရုံး အဆောက်အအုံတွေရှေ့မှာ ကိုးကန့်တပ်တပ်ဖွဲ့ဝင်တွေ သိမ်းယူထားနိုင်တဲ့ကြောင်း မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကိုးကန့်တပ်က ဇူလိုင် ၂၇ ရက် ညပိုင်းမှာပဲ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို တအာင်းတပ်နဲ့ ပူးပေါင်း​တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၅ ရက် ညနေပိုင်းမှာ သိမ်းယူ နိုင်ခဲ့တာလို့ တအာင်းတပ်က ထုတ်ပြန်ထားပါတယ်။ ရှမ်းမြောက်မှာ ၁၀၂၇ တစ်ကျော့ပြန် စတင်ပြီးနောက် နောင်ချိုမြို့ကို ပထမဆုံးသိမ်းယူနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်း စစ်ရေးဖော်ဆောင်ခဲ့တဲ့ မန္တလေးတိုင်းထဲမှာလည်း စဥ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။

ရှမ်းမြောက်စစ်ရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်တော့ အပစ်ရပ်ဆွေးနွေးဖို့ တိုက်တွန်းထားသလို တရုတ်စီမံကိန်းတွေကို မထိပါးဖို့လည်း သတိပေးနေပါတယ်။ 

……………………………………..

မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် တစ်သိန်းနားကပ်လာ

စစ်အာဏာသိမ်းကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် အရေအတွက်ဟာ တစ်သိန်းနားကို ကပ်လာပြီဖြစ်ပါတယ်။

အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇွန်လကုန်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားတွေရဲ့ နေအိမ် ၉၅,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မီးရှို့ခံရတဲ့ နေအိမ်တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်၊ အရေအတွက်အနေနဲ့ဆိုရင် နေအိမ် ၆၇,၀၀၀ ကျော်ဟာ စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပါတယ်။ မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ချင်း စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာတော့ နှစ်သောင်းကျော်ရှိတယ်လို့ဖော်ပြပါတယ်။

ခုခံတော်လှန်စစ်အားကောင်းတဲ့နယ်မြေတွေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ မြို့ရွာဒေသတွေနဲ့ တော်လှန်အင်အားစုတွေကို ထောက်ခံတဲ့ ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်မှုတွေကြောင့်လည်း မီးလောင်ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

……………………………………..

တိုင်းနဲ့ပြည်နယ် အများစုမှာရေကြီး

မိုးသည်းထန်စွာရွာသွန်းတာကြောင့် ယခုသီတင်းပတ်အတွင်း တိုင်းနဲ့ ပြည်နယ်အများစုမှာ ရေကြီးနေပြီး အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကရင်ပြည်နယ်ထဲက ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမှာ သောင်းရင်းမြစ်ရေ မြင့်တက်တာကြောင့် ရေကြီးနေပြီး ကားတွေ ရေထဲ မျောနေတာတွေ့ရပါတယ်။ ဘားအံမြို့မှာလည်း သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး ရေကြီးနေပါတယ်။ မွန်ပြည်နယ် ဘီလင်းမြို့နယ်မှာ မြို့ပေါ်နဲ့ ကျေးရွာတချို့မှာ ရေကြီးနေပြီး ဇူလိုင် ၂၇ ရက်က ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်နေလို့ ကားတွေ ဖြတ်သန်းသွားလို့ မရဘဲ ပိတ်မိနေခဲ့ပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း၊ ငါးသိုင်းချောင်း၊ ဟင်္သတ၊ ဇလွန်အပါအဝင် မြို့နယ်ရှစ်ခုလောက်မှာ ရေကြီးတာတွေကြုံတွေ့ နေရပါတယ်။ ရခိုင်တောင်ပိုင်းက စစ်ရေးပြင်းထန်နေတဲ့ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာလည်း ရေကြီးနေပါတယ်။

ပဲခူးတိုင်းထဲက ရွှေကျင်၊ မဒေါက်၊ မိုးညိုမြို့နယ်တွေမှာလည်း ရေကြီးမှုတွေ ကြုံနေရပါတယ်။ နောက်တစ်ခါ ရှမ်းတောင်ပိုင်းက မိုးဗြဲရေကာတာကို စစ်ကောင်စီတပ်က ဖွင့်ချလိုက်တာကြောင့် မိုးဗြဲမြို့နယ်နဲ့ ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြိုနယ်တွေမှာ ရေကြီးနေပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်အပါအဝင် ခရိုင်ထဲက မြို့နယ်၊ ကျေးရွာတွေနဲ့ တနင်္သာရီမြို့မှာလည်း ရေကြီးနေသလို မကွေးတိုင်း ကံမမြို့နယ်မှာလည်း ရေဘေးဒဏ်ခံနေရပါတယ်။

ရေကြီးတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ ကယ်ဆယ်ရေး မလုံလောက်တာ၊ စားနပ်ရိက္ခာ ပြတ်လပ်တာ၊ စိုက်ခင်းတွေ ပျက်စီးတာတွေ ကြုံတွေ့နေရသလို စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့

ဒေသက ပြည်သူတွေဆိုရင် စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်မံခံစားနေကြရပါတယ်။

……………………………………..

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတလုပ်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယာယီသမ္မတရာထူးကို ရယူလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်က တင်မြှောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ ထုတ်ပြန်ပြီး လေးရက်အကြာ ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ ယာယီသမ္မတရာထူးကို ရယူလိုက်တာပါ။ အာဏာရှင်နိုင်ငံတွေမှာ ထိပ်ပိုင်းပုဂ္ဂိုလ်တွေရဲ့ ကျန်းမာရေးကို လျှို့ဝှက်လေ့ရှိပေမယ့် စစ်ကောင်စီက လူသိရှင်ကြား ကြေညာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးကို ယူခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ရာထူးယူချိန်ဟာ အာဏာသိမ်းကာလ ငါးကြိမ်မြောက် သက်တမ်းကုန်မယ့် ရက်ပိုင်းအလိုမှာ ပေါ်ပေါက်လာတာပါ။ သမ္မတ ဖြစ်ချင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်တာလို့ ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ စစ်ကောင်စီကတော့ အခုလို ရာထူးလွှဲပြောင်းရယူတာဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ ညီတယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ ခြေဥထဲမှာ တပ်ချုပ်ကို ယာယီသမ္မတရာထူး လွှဲပြောင်းပေးနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မရှိဘူးလို့ ထောက်ပြဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာစွန့်ပြီး ရွေးကောက်ပွဲအတွက်လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ တရုတ်က သမ္မတဟောင်းဦးသိန်းစိန်ကနေတစ်ဆင့်ပြောဆိုခဲ့ပေမယ့် ရာထူးမစွန့်တဲ့အပြင် ယာယီသမ္မတ ရာထူးကိုပါ ရယူခဲ့တာလည်း ဖြစ်ပါတယ်။

……………………………………..

စစ်ကောင်စီကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိပြီလို့ အမေရိကန်ပြော

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဇူလိုင် ၂၃ ရက်​မှာ ထုတ်ပြန်ပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင်လေးဦး ကွပ်မျက်ခံရတာ ၂နှစ်ပြည့်နဲ့ ပတ်သက်လို့ ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ကြရသူတွေကို ဂုဏ်ပြုထားတဲ့အနေနဲ့ အမေရိကန်သံရုံးထဲက အမှတ်တရ အထိမ်းအမှတ်နေရာမှာ ကျောက်တုံးပေါင်း ၅၄၀၀ နီးပါး ထားရှိထားပြီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ပူဆွေးသောက ရောက်ရတယ်လို့ ဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ဇူလိုင်လ ၂၂ ရက်ထုတ်ပြန်ချက်မှာလည်း အာဏာသိမ်း ကာလအတွင်း သေဆုံးတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၅၄၀၀ ကျော်ရှိလာပြီလို့ ဖော်ပြထားပါတယ်။

……………………………………..

တိုက်ခိုက်ခံရမှုတွေကြောင့် စာသင်ကျောင်း ၁၃၀ထက်မနည်းပျက်စီး

အာဏာသိမ်းပြီးနောက် လေကြောင်းအပါအဝင် တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ Myanmar Witness ရဲ့ ဇူလိုင် ၂၀ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်းကာလမှာ စာသင်ကျောင်းတွေအပါအဝင် ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေ အကြိမ်ရေ ၁၇၀ ကျော် တိုက်ခိုက်ခံခဲ့ရပြီး စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မြေပြင်ထိုးစစ်နဲ့ မီးလောင်ကျွမ်းမှုတွေကြောင့် ပညာရေးအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။ အများစုဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးတာပါ။

တိုက်ခိုက်မှုတွေထဲမှာ လူသေဆုံးတာ အကြိမ်ရေ ၆၀ ကျော်ရှိပြီး ဒဏ်ရာရတာကတော့ အကြိမ်ရေ တစ်ရာကျော်ရှိတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်ခံရတာ အများဆုံးဖြစ်ပွားခဲ့ပြီး ရှမ်း၊ ကရင်နဲ့ ကယား (ကရင်နီ) တွေကတော့ ဒုတိယ အများဆုံးထဲမှာ ပါဝင်ပါတယ်။ အခုလို တိုက်ခိုက်မှုတွေဟာ ကလေးငယ်တွေရဲ့ ပညာရေးကို ရေတိုမှာရော ရေရှည်အတွက်ပါ ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

……………………………………..

မြန်မာကို လက်နက်တင်ပို့ခွင့် တောင်အဖရိကတရားရုံးချုပ်ပိတ်ပင်

မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့ခွင့်အမိန့်ကို တောင်အဖရိကတရားရုံးချုပ်က ပယ်ဖျက်လိုက်ပါတယ်။

သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီက ခွင့်ပြုထားတဲ့ မြန်မာနိုင်ငံကို စစ်လက်နက်လွှဲပြောင်း ရောင်းချမှု လုပ်ဆောင်နိုင်တဲ့အမိန့်ကို တရားရုံးချုပ်က ဇူလိုင် ၁၉ ရက်မှာ ပယ်ဖျက်လိုက်တာလို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလို ပယ်ဖျက်ပေးဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာရှေ့နေများအဖွဲ့က တောင်ပိုင်းအာဖရိကတရားရေးစင်တာ ကို ကိုယ်စားပြုပြီး လျှောက်ထားခဲ့ကြတာပါ။

အခုပယ်ဖျက်အမိန့်ဟာ တောင်အာဖရိကနိုင်ငံကနေ မြန်မာနိုင်ငံကို နောင်မှာ လက်နက်ရောင်းချမှု မှန်သမျှအတွက်သာမက တခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်တွေ ရှိလာမှာဖြစ်လို့ ကြိုဆိုတယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

……………………………………..