BREAKING
September 8, 2024

ကော့သောင်း အောင်ဘာရွာအနီး ငါးဖမ်းလှေနစ်မြုပ်ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

July 27, 2024

ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာအနီးရှိ ဘိုလော့ကျွန်းအရှေ့ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ်သွားရာတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ကော့သောင်းမြို့မှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာသွားသည့် လှေမှာ ဇူလိုင်လ ၂၄ ရက် မနက် ၇ နာရီခန့်တွင် ‌နစ်မြုပ်သွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်တို့က ပြောသည်။

“ရာသီဥတုကြောင့် မြုပ်တာမဟုတ်ဘူး။ လှေဖာထား၊ ထေးထားတဲ့နေရာကနေ ရေဝင်ပြီးမြုပ်သွားတာ” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။

လှေပေါ်တွင် အမျိုးသား ၅ ဦး ပါသွားသည့်အနက် လှေနစ်မြုပ်သည့်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် မကြုံဂလက်ကျေးရွာတွင် ပဲ့နင်း၊ စက်ဆရာ၊ လှေသား ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

နောက်တစ်ဦးကိုမူ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းတွင် ဗျောတောရွာတွင် ထပ်မံတွေ့ရှိခဲ့သည်။

လှေမြုပ်သွားသည့်အတွက် ပင်လယ်ပြင်တွင် ကူးခတ်နေရင်း အခြားလှေများက တွေ့ရှိသဖြင့် ၎င်းတို့ကို ကယ်သွားခြင်းဖြစ်သည်။

“အခုတွေ့ပြန်တွေ့တဲ့သူ လေးယောက်က သူ့တို့လှေမြုပ်တဲ့နေရာနဲ့ဆို တော်တော်အလှမ်းဝေးတယ်။ မိုင်ဘယ်လောက်လဲ မခန့်မှန်းတတ်ဘူး ဝေးတော့ တော်တော်ဝေးတယ်” ဟု မိသားစုဝင်ထဲက အမျိုးသားတစ်ဦးကဆိုသည်။

အသက် ၃၀ အရွယ် ကိုဖြိုးကိုကိုဦး ခေါ် မောင်မောင်လေးဆိုသူတစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ပြီး လှေနစ်မြုပ်ပြီး ၃ ရက်ကြာသည်အထိ အဆက်အသွယ် မရသေးကြောင်း ဆိုသည်။

ကိုဖြိုးကိုကို‌ဦး ခေါ် မောင်မောင်‌လေးမှာ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

ယင်းအမျိုးသားအား ပြန်ရှာမတွေ့သေးသဖြင့် စိုးရိမ်နေကြပြီး တွေ့ရှိပါက ၀၉၂၅၀၇၇၅၃၆၃ ဖုန်းကို ဆက်သွယ်ပေးရန် မိသားစုဝင်တို့က တောင်းဆိုထားသည်။