BREAKING
September 8, 2024

လောင်းလုံးရဲစခန်းကို ရိက္ခာလာပို့သည့်ကား တော်လှန်ရေးအဖွဲ့ဖမ်းမိ

July 27, 2024

ထားဝယ်မြို့မှ လောင်းလုံးမြို့မရဲစခန်းသို့ ရိက္ခာလာပို့သည့် ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းမိထားကြောင်း သိရသည်။

မနေ့ (ဇူလိုင် ၂၆) မနက် ၁၀ နာရီခန့်က ထားဝယ် လောင်းလုံးလမ်းအတိုင်း မောင်းလာသည့် ဟိုက်ဂျက်ကားတစ်စီးကို စစ်ဆေးရာ လောင်းလုံးမြို့မ ရဲစခန်းကို ရိက္ခာပို့မည့်ကားဖြစ်နေ၍ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သည့် ကျောင်းသားတော်လှန်ရေးတပ် တာဝန်ခံ ရဲဘော်ရီရန်က ပြောသည်။

အဆိုပါကားပေါ်တွင် ဆန်အိတ်(ကြီး)ဆယ်အိတ်၊ စားသုံးဆီ၊ ကော်ဖီမစ်၊ ပဲ စသည့်ရိက္ခာများ တင်ဆောင်လာကြောင်း ၎င်းကဆိုသည်။

ရိက္ခာသယ်ဆောင်လာသူမှာလည်း ယခင်က လက်နက်ကိုင်ဆောင်ဖူးသည့် ပျူစောထီးတစ်ဦးဖြစ်နေသဖြင့် ကားရောလူပါ ဖမ်းဆီးထားပြီး စစ်ဆေးနေဟု ရဲဘော်ရီရန်က ပြောဆိုသည်။

“ပထမစစ်မေးတော့ သူကငြင်းတယ်။ အမှန်တိုင်းပြောဆိုမှ လောင်းလုံးရဲစခန်းပို့ဖို့ဆိုပြီး ပြောတာ အဲမှာကားသမားကို မသင်္ကာလို့ ထပ်စုံစမ်းတော့ သူကပျူဖြစ်နေတယ်။ အရင်က သူ့မှာလက်နက်ရှိတယ်။ အခုဖမ်းတဲ့အချိန်မှာတော့ လက်နက်မပါဘူး” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပျူစောထီးဟုဆိုသူ ကားသမားကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အပ်နှံထားပြီး ကားကိုမူ ၎င်းတို့တပ်ဖွဲ့က ထိန်းသိမ်းထားကြောင်းဆိုသည်။

အသေးစိတ်စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်‌တော်တို့ တာဝန်ယူမူ၊ တာဝန်ခံမှုအပြည့်ရှိပါတယ်။ ပျူမဟုတ်ဘူးဆိုရင် လွှတ်ပေးမှာပါ။ ပျူဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်သွားဖို့ရှိပါတယ်။ အခုတော့ အသေးစိတ်စစ်ဆေးစရာတွေ ကျန်နေပါသေးတယ်” ဟု ရဲဘော်ရီရန်က ပြောကြားသည်။

အဆိုပါးကားကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့က စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။