လောင်းလုံးမြို့နယ်၊ခမောင်းတောင်ရွာနှင့် စခန်းကြီးကျေးရွာကြားတွင် ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သည်။
ယင်းတိုက်ပွဲတွင် လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကိုအဲ့၊ ရဲဘော်F-One နှင့် ရဲဘော်ဝတုတ် တို့ သုံးဦးကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF အဖွဲ့က ယနေ့(ဇူလိုင် ၂၇) ထုတ်ပြန်သည်။
“ကျွန်မတို့ရွာနားကတိုက်ပွဲမှာ သုံးဦးကျဆုံးတယ်လို့ ကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
နခံတောရွာနှင့် ခမောင်းတောင်ရွာကြားတွင် ဇူလိုင်လ ၁၂ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
ဇူလိုင်လ ၁၂ ရက်နေ့လည်း ဒေသခံ ခမောင်းတောင်ရွာသူ အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်သေဆုံးခဲ့ရသလိုဇူလိုင် ၁၆ ရက်နေ့တွင်လည်း ခမောင်းတောင်ရွာသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖွားဘုတ်ပြင်ရွာတွင် နေအိမ်နှစ်ဆောင်မီးရှို့ခံရပြီး လက်နက်ကြီးကျည်ကြောင့် ရွာသားနှစ်ဦးဒဏ်ရာရရှိကာ တောင်းမင်းပြောင်ရွာတွင်လည်း နေအိမ် သုံးဆောင် မီးရှို့ခံလိုက်ရပြီး နေအိမ်ငါးဆယ်ခန့်လည်း ဖျက်ဆီးခံခဲ့ရသည်။
ယင်းအပြင် လောင်းလုံးနှင့်ရေဖြူ မြို့နယ်များမှစစ်ဘေးကြောင့် ဒေသခံ ထောင်ချီမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။