BREAKING
January 10, 2025

ထီးခီးတွင် မိုင်းဟောင်းပေါက်ကွဲပြီး တစ်ဦးသေဆုံး

July 27, 2020

ထိုင်းနယ်စပ်အနီးရှိ ထီးခီးဒေသတွင် မိုင်းဟောင်းတစ်လုံးပေါက်ကွဲသဖြင့် ငှက်ပစ်ထွက်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထီးခီးဒေသတွင် ကျပန်းအလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးက ဇူလိုင်လ ၂၂ ရက် ညတွင် မယ့်သမီးခီးချောင်းဖျားသို့ ငှက်ပစ်ထွက်ခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။

“ယခင်က မိုင်းဟောင်းတွေထောင် ထားတယ်ဆိုပြီးတော့ သွားရောက်ခြင်း မပြုဖို့ ကန့်သတ်ထားတဲ့နယ်မြေပေါ့။ နေရာကတော့ မယ့်သမီးခီးချောင်းဖျားကို ညအချိန် ငှက်ပစ်ထွက်တာပေါ့” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

ယင်းည ၁၁ နာရီခန့်တွင် ငှက်ပစ်ထွက်သည့် အမျိုးသား ၃ ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားက မိုင်းနင်းမိပြီး ခြေပြတ်ဒဏ်ရာရရှိကာ အခြားအမျိုးသားတစ်ဦးက ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

မိုင်းပေါက်မှုကြောင့် ဒဏ်ရာပြင်းထန်သည့်အမျိုးသားကို အတူသွားသည့် အမျိုးသားနှစ်ဦးက တွဲခေါ်လာသော်လည်း လမ်းပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။

ယခင်က ထီးခီးဒေသဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ဖူးသည်။