BREAKING
December 22, 2024

အမေ့ခံ တန်ဖိုးများ

July 27, 2020

လမ်းလျှောက်ပြီးအပြန် ထမင်းကြော် စားနေကျဆိုင်ကို ဝင်ပါသည်။ ယနေ့ အိပ်ရာထနောက်ကျသောကြောင့် အပြန် လည်း နောက်ကျသည်။ ထမင်းကြော် ဆိုင်တွင် လူများသည်။ ကျွန်တော်က ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။

ထမင်းကြော်ကို မှာနေစရာမလိုပါ။ ကျွန်တော့်အတွက် ကြက်ပေါင်းသို့မဟုတ် ငါးကြော် တစ်ခုခုနှင့် လာချမည်သာဖြစ် သည်။ ကိုယ့်အလုပ်က သတင်းစာဖတ်ရင်း ရေနွေးကြမ်းသောက်ကာ စောင့်ရုံသာ ဖြစ်သည်။

“ဦးလေး ဒီမှာထိုင်မယ်နော်”

“ထိုင်ပါဗျာ … ထိုင်ပါ”

အမျိုးသမီးနှစ်ယောက်နှင့် ကျောင်း သားတစ်ယောက် ကျွန်တော့်ခုံတွင် ဝင်ထိုင်ကြသည်။ ကျွန်တော့် ထမင်းကြော်စားပွဲက ရောက်လာပြီ။ ယနေ့ ကြက်ပေါင်းကုန်ပြီ ထင်သည်။ ငါးကြော် နှင့် ဖြစ်သည်။

“သားသား မှာလေ … ဘာဟင်းနဲ့ စားမလဲ”

“သိဘူးလေ … မေမေပဲမှာ”

အမျိုးသမီးက သူ့ဘေးမှတစ်ယောက်ကို

“သားက အဲလိုပဲ … ဘာမှ မမှာ တတ်ဘူး … နင်ရော ဘာနဲ့စားမလဲ”

“ညီမက ကြက်ဥကြော်”

“ကြက်ဥကြော်နဲ့တစ်ပွဲ … ဝက်သား နဲ့တစ်ပွဲ … ကြက်ကြော်နဲ့တစ်ပွဲ”

“မေမေ … သားက ဝက်သား မစားဘူး”

“အေးပါ … မေမေစားမှာ … သားက ကြက်ကြော်”

“ကြက်ကြော် စားချင်ဘူး”

“အဲဒါဆိုလည်း သွားထကြည့်”

“မကြည့်ဘူး … မေမေပဲမှာ”

သူ့မိခင်က ထကြည့်သည်။ ထို့နောက် ပြန်လာပြီး

“ငါးမွှေနဲ့စားမလား”

“ကြိုက်ဘူး”

“ဒါဆိုရင် ဘာနဲ့စားမှာလဲ … ကျောင်း နောက်ကျလိမ့်မယ်”

“ကြက်ဥကြော်နဲ့ပဲစားမယ်”

“အစ်မရေ ကြက်ကြော်က ကြက်ဥ ကြော်ဖြစ်သွားပြီ”

မိခင်ဖြစ်သူက

“စားလေ … မြန်မြန် ကျောင်း နောက်ကျနေလိမ့်မယ်”

ကျောင်းသားက စားနေသည်မှာ စိတ်မပါသလို၊ ဘာလိုလို။
ကျွန်တော်ကလည်း ခက်သည်။ မျက်စိအောက်ရောက်လာတာမှန်သမျှကို အာရုံခံစားလွန်းလှသည်။ သူတို့က တက်သုတ်ရိုက်စားနေသည်။ ပြီးသွား သည့်အခါ အမျိုးသမီးက

“သားရေ … ကြက်ဥနဲ့က တစ်ပွဲ ၆၀ဝ … ဝက်သားနဲ့က တစ်ပွဲ ၈၀ဝ … မေမေ့ အိတ်ထဲက ယူပေးလိုက် … မေမေ ဟိုမှာ သီလရှင်လေးတွေကို ပိုက်ဆံလိုက် လောင်းဦးမယ်”

အမျိုးသမီးက ပိုက်ဆံအိတ်ထဲက ရာတန်လေးတွေယူသွားပြီး သီလရှင် လေးတွေကို ငွေသွားလှူနေသည်။ သူပြန် လာချိန်အထိ သူ့သားက ငုတ်တုတ်။

“သား ပိုက်ဆံရှင်းပြီးပြီလား”

“မရှင်းရသေးဘူး”

“ရှင်းလိုက်လေ ကျောင်းတော့ နောက်ကျတော့မှာပဲ”

“မတွက်တတ်ဘူး”

“ဟဲ့ ၁၀ တန်းတောင် ရောက်နေမှ ကြက်ဥနဲ့ တစ်ပွဲက ၆၀ဝ နှစ်ပွဲဆိုတော့ ၁၂၀ဝ၊ မေမေက ဝက်သားနဲ့ ၈၀ဝ ပေါင်းလေ … ဘယ်လောက်လဲ”

ကျောင်းသားလေးက မပြော။ သူ့ အမေကို ကြောင်ကြည့်နေသည်။ အမျိုး သမီးက ဘေးမှ တစ်ယောက်ကို

“အဲဒါသာကြည့် … အိမ်က သား သားကလေ ပိုက်ဆံလည်း မကိုင်၊ တွက် လည်း မတွက်တတ်၊ ဈေးတောင် ဝယ်မစား တတ်ဘူး”

အမျိုးသမီးက ထသွားပြီး ပိုက်ဆံ ရှင်းသည်။

“လာ … လာ ကျောင်းနောက်ကျ တော့မယ် မြန်မြန်”

သူတို့ထသွားတော့ စိတ်မောကာ ကျန်ခဲ့သူမှာ ကျွန်တော်ဖြစ်နေသည်။

ထိုစဉ်ကောင်မလေးတစ်ယောက် က ထမင်းဘူးလေးကိုင်ပြီး ဝင်လာ သည်။ ဆိုင်ရှင်က

“ဘာလဲ ဒီနေ့လည်း အိမ်ရာထ နောက်ကျလို့ ဟင်းမချက်နိုင်ပြန်ဘူးပေါ့”

“အန်တီကတော့ လုပ်ပြီ … သမီး က ဟင်းကို မချက်တတ်တာ”

ယနေ့မနက် တွေ့လိုက်ရသည့် မြင်ကွင်း

ပိုက်ဆံမတွက်တတ် … ကိုယ်စား ချင်တာကို ကိုယ်မမှာတတ်သော ၁၀ တန်းကျောင်းသား။
ဟင်းမချက်တတ်သော အလုပ် သွားမည့် မိန်းမသား။

သူတို့က မတွက်တတ်၊ မချက်တတ်၊ မသုံးတတ်ဆိုသည်ကို ဂုဏ်ယူပြီး ပြောနေ သလိုပင်။
ထိုအရာသည် ဂုဏ်ယူစရာလား။

ကျွန်တော်တို့ ငယ်စဉ်က ကျောင်း တွေကို စာတိုက်က ငွေစုဆောင်းသည် စနစ်တစ်ခု လာပြီး အခြေချပေးသည်။ ငွေစုစာအုပ်လေးတွေ လုပ်ကြရသည်။ တံဆိပ်ခေါင်းဝယ်ကာ စာအုပ်ထဲတွင် ကပ်လိုက်ရုံပင်။ တစ်မတ်၊ ငါးမူး၊ တစ်ကျပ်တန် တံဆိပ်ခေါင်းလေးတွေ ကပ်ရသည်။ ဆရာမက တံဆိပ်ခေါင်း လေးတွေကို ရောင်းပေးသည်။ အကျိုး အမြတ်အတွက် ရောင်းပေးခြင်းမဟုတ်။

ကျောင်းသားတွေ ငွေစုတတ်စေရန် ဒုက္ခခံကာ တံဆိပ်ခေါင်းတွေကို မနက် ကျောင်း မတက်မီရောင်းပေးခြင်းဖြစ်သည်။

ကျောင်းသားတွေက ကိုယ်ဝယ် သော တံဆိပ်ခေါင်းကို သတ်မှတ်ထား သည့် အကွက်များတွင် ကပ်ရသည်။ အကယ်၍ ပိုက်ဆံလိုလျှင် စာတိုက်ကို ကိုယ်တိုင်သွားသည်ဖြစ်စေ၊ လူကြုံပါး သည်ဖြစ်စေ စာအုပ်လေး ပေးလိုက်နိုင် သည်။ ကိုယ်ထုတ်သည့် ငွေပမာဏကို တံဆိပ်ခေါင်းတွေပေါ်တွက်ပြီး တံဆိပ် တုံး ထုပေးလိုက်မည်။ တစ်ချိန်က ကျောင်းသားတွေကို ငွေစုတတ်စေရန် ငွေသုံးတတ်စေရန် ကျောင်းတွေကစပြီး သင်ကြားပေးခြင်း ဖြစ်သည်။

ထို့ပြင် အတန်းထဲတွင် အဖွဲ့လေး တွေဖွဲ့ပြီး မုန့်ရောင်းခိုင်းသည်။ မုန့် ရောင်းရသည်မှာ နေ့စဉ် တာဝန်ကျ ဇယားနှင့် ဖြစ်သည်။ မုန့်ရောင်း၍ ရသော အမြတ်ကို ပျော်ပွဲစားထွက်ရန် အတွက် ရန်ပုံငွေအဖြစ် ဆရာမထံ အပ်ထား ရသည်။ ကိုယ့်ငွေကို ကိုယ်ရှာတတ် စေရန် အသုံးကို နားလည်စေရန် ကျောင်း တွေက လေ့ကျင့်ပေးခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသား ဘဝတွေ က ကျောင်းကို တစ်နာရီစောလာ။ အချိန်ပိုတက်စနစ်တွေ မရှိ။ ကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားကြရသည်က များသည်။ ကျောင်းသန့်ရှင်းရေးကအစ ဆရာကြီး က ဦးဆောင်အမှိုက်ကောက်သည်။

အိမ်တွင်လည်း ကျွန်တော့်အမေက ကျွန်တော့်ကို ထမင်းချက်၊ ဟင်းချက်၊ အဝတ်လျှော်အားလုံး ကိုယ်တိုင် လုပ်စေသည်။ ထို့ကြောင့် ယနေ့တိုင် ကိုယ်တိုင် ဟင်းချက်စားရမည်ဆိုလျှင် ပျော်နေ တတ်သည်။

ကျွန်တော် ၁၀ တန်းအောင်သည် အထိ အမေက ကျောင်းကို နှစ်ခါလား ရောက်ဖူးသည်။

ယနေ့ခေတ်လိုဆိုလျှင် ခက်ပြီ။ ၁၀ တန်းလောက် ကျောင်းသား ကြီးတွေကို မိဘတွေက ကိုယ်တိုင် ကျောင်းလိုက်ပို့၊ မုန့်ကျွေး၊ နေ့လယ် ကျောင်းဆင်းချိန် ထမင်းပင်လာကျွေး နေသည့် ခေတ်ဖြစ်နေသည်။

ကလေးတွေ ကိုယ်ပိုင်အစွမ်းအစ တွေ ကောင်းမြတ်သောအတွေးအခေါ် တွေနှင့် အလေ့အထတွေ ပျောက်ကုန် တာလည်း မပြောနှင့်။ အခြေခိုင်ခိုင်နှင့် အခြေချပေးလိုက်ရမည့်နေရာတွေကစ ပြီး အခြေယိုင်နေသည်။ ကျောင်းဆို သည်ကား စာသင်ရုံသက်သက်ဟု တန်ဖိုး ဖျက်ထားကြသည်။

ကလေးတွေကို ပိုက်ဆံတန်ဖိုး၊ ငွေရှာတတ်အောင်၊ အသုံးနှင့် အဖြုန်း နားလည်အောင်၊ တွက်ဆနိုင်သည့် အတွေးတွေကို သင်ပေးရကောင်းမှန်း မသိသောကြောင့် မိဘတွေက ပိုက်ဆံ ပေးလိုက်လျှင်

“တစ်ခုဘယ်လောက်လဲ”

“၅၀ဝ”

အသာလေး ပေးကာ ဝယ်သွားကြ သည်။ ၁၀ဝ၀ တန်ပေးပြီး ၅၀ဝ ပြန်ယူရ ကောင်းမှန်းမသိဘဲ လှည့်ထွက် သွားသူ တွေကို လိုက်ပေးနေရသည့် ခေတ်ဖြစ်နေသည်။

သူတို့ ပိုက်ဆံတန်ဖိုးမသိ။

ပိုက်ဆံကို မည်သို့ရှာရသနည်း၊ ပိုက်ဆံကို မည်သို့အကျိုးရှိအောင် သုံးရ မည်နည်းဆိုခြင်းကို ကောင်းစွာ တွက်ဆ ဆင်ခြင်နိုင်စွမ်းတွေကို သင်ပေးရ ကောင်းမှန်းမသိသည့် ပညာရေးစနစ်က
“ပိုက်ဆံဘယ်ကရသလဲ”

“အဖေ့ဆီကရတယ်”ဆိုသော ပေါ့ပေါ့တွေး ကလေးမျိုးတွေကို မွေးထုတ် ပေးနေဦးမည်သာ ဖြစ်သည်။

တင်ညွန့်