“ယမထာ ရွှေကြိမ်လုံးရယ်နဲ့၊
ထွန်တုံးကိုတဲ့ ခြေတော်တင်
နွား ကြန်စုံနှင်။
ပျိုးခင်းကိုဝင်၊
ကောင်းကင်က ရွှေပိန်ညင်းရယ်၊
မိုးခေါ်လို့ဆင်း။”
မိုးဦးကျလျှင် ဘုရင်အဆက်ဆက် လယ်ထဲ ဆင်းကြသည်မှာ အထက်ပါ ကဗျာက သက်သေဖြစ်သည်။
မန္တလေး ရတနာပုံနန်းတည် မင်းတုန်းမင်းသည်လည်း မိုးဦးတွင် အောင်ပင်လယ်ကန် သရက်ကုန်းရွာ မြောက်ဘက် နှစ်ဧကခန့်ရှိသော လယ် ကွက်သို့ ဆင်းကာ လယ်ထွန်မင်္ဂလာ ကျင်းပလေ့ရှိသည်။
ယင်းလယ်တော်သို့ မင်းခမ်းမင်း နားဖြင့် ထွက်တော်မူ၍ ရတနာမကိုဋ် ဒုရင်တော်သုံးဆင့်တပ်ကို ဆင်မြန်း လျက် ထီးဖြူတော်နှစ်လက်ဖြန့်မိုးကာ လယ်ထွန်မင်္ဂလာသဘင်ကို ဆင်ယင် ကျင်းပလေသည်။ မင်းညီးမင်းသား မှူးမတ်တို့မှာမူကား ၎င်းတို့ဆိုင်ရာ အဆင်တန်ဆာများဖြင့် ဆင်ယင်ဝန်းရံ ကြရလေသည်။
ယင်းသို့ ဘုရင်တို့ လယ်ထွန်မင်္ဂလာ ကျင်းပကြသည်မှာ မြန်မာနိုင်ငံတစ်ခု တည်း မဟုတ်ပါ။ စပါး စိုက်ပျိုးသည့် ထိုင်း၊ လာအို စသည့် နိုင်ငံတို့မှ ဘုရင်တို့ သည်လည်း ကျင်းပကြပါသည်။
စပါးစိုက်ပျိုးသည့် လယ်သမားများ စိတ်အားထက်သန်စေရေး ရည်ရွယ် ကာ ဘုရင်တို့ လယ်ထဲဆင်းပြကြဟန်တူ ပါသည်။
လယ်သမားတို့သည်လည်း သင်္ကြန် လွန်ပြီး မိုးခြိမ်းသံကြားသည်နှင့် လယ်ထဲ ဆင်းရန် ထွန်တုံးပြင်ကြလေသည်။
လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ နေ ဦးမောင်ဝင်းတို့ ငယ်စဉ်ကလည်း နယုန်လအစခန့်ဆိုလျှင် လယ်ထဲပြောင်း ကြရလေပြီ။
လယ်ထွန် စပါးစိုက်အလုပ်က မိုးတွင်း တစ်လကျော် လေးဆယ့်ငါးရက် ခန့် ကြာမြင့်နိုင်သဖြင့် ယင်းအချိန် အတွင်း စားရေးသောက်ရေးအတွက် ကြိုတင် ပြင်ဆင် ယူဆောင်သွားကြရလေ သည်။
“စားဖို့သောက်ဖို့ ဆန်စပါးတွေ ကိုက နွေကတည်းက လုပ်ထားရတယ်။ ပြီးမှာ ရှိသမျှ အိုးခွက်ပစ္စည်းတွေကို လှည်းတွေ ဘာတွေနဲ့သယ်ပြီးတော့ ပြောင်းဆင်းကြတာပေါ့။ လှည်းနွား မရှိတဲ့သူဆိုလည်း ဆိုင်းတွေတံပိုးတွေနဲ့ အိုးခွက်တွေကို ထမ်းဆင်းတာပေါ့လေ”ဟု ဦးမောင်ဝင်းက ပြောလေသည်။
လယ်ထဲမဆင်းမီ လယ်တဲကိုလည်း ကြိုပြင်ထားကြလေသည်။
ထိုသို့ ပြင်ဆင်ရာတွင် လူနေထိုင် စားသောက်ရန်အတွက်သာ မဟုတ်။ ကျွဲ၊ နွားများအတွက်ပါ ကြိုပြင် ကြရလေသည်။
“ကျွဲနွားစားဖို့ ကောက်ရိုးတွေ ဘာတွေလည်း အရန်သင့်လုပ်ထားရ တယ်။ ကျွဲတွေ နွားတွေ နွားတင်းကုပ် တွေတောင်မှ ထယ်ထယ်ဝါဝါလုပ်ထားရ တာ အဲတုန်းကဆိုရင်လေ။ တဲဆိုလည်း အကြီးကြီးဆောက်ပြီးနေရတယ်”ဟု ဦးမောင်ဝင်းက ပြောလေသည်။
စားရေးသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက် စသဖြင့်တို့ ယူဆောင်လာလေ့ရှိပြီး ဟင်းသီးဟင်း ရွက် စားလိုလျှင်မူ လယ်ကွက်ထဲ အဆင်ပြေ သည့်နေရာတွင် ကြိုစိုက်ထားကြလေ့ရှိ လေသည်။
သားငါးအတွက်မူ ငါးဖမ်းပိုက်၊ မြှုံး စသည်တို့ ယူဆောင်သွားကာ အလုပ် အားချိန် ငါးဖမ်းကြလေသည်။
အကယ်၍ ကိုယ့်လယ်တဲတွင် တစ်ခုခု လိုအပ်လျှင်လည်း နံဘေးနည်းစပ်ရှိ လယ်တဲအချင်းချင်း ရိုင်းပင်းမျှဝေကြ လေသည်။
“လယ်ထွန်းပြီးလို့ ညနေရေချိုး ချိန်ဆိုရင် တစ်တဲကနေ တစ်တဲကို အော်အော်ပြီး စနောက် အော်ပြောနေကြ တာပေါ့။ ဟိုတဲ ဒီတဲမှာ မီးရောင်နဲ့ ကြက်သံနဲ့ ဆူညံနေတာပဲပေါ့။ ညကျရင် တစ်တဲကနေ တစ်တဲကို အလည်သွား ရင်းနေရတာပေါ့”ဟု ဦးမောင်ဝင်းက ပြောလေသည်။
ယင်းသို့ စပါးစိုက်ချိန် လယ်တွင်း ဆင်းနေချိန်မှာ သားသမီးတို့ ကျောင်း တက်ချိန်နှင့် တိုက်ဆိုင်နေတတ်ရာ လယ်သမားတို့၏ သားသမီးများကို ၎င်းတို့ ဘိုးဘွားအိမ်တွင် အပ်နှံခဲ့ရ လေ့ရှိပြီး ယင်းသို့ အပ်နှံရန် အဆင်မပြေ ပါက သားသမီးတို့က လယ်တဲမှ ကျောင်း တက်ကြရလေသည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် မြိတ်မြို့နယ် တောင်ရှည်ရွာနေ ဦးမောင်ဆန်း တွင်လည်း လယ်တဲမှ ကျောင်းတက်ရ သည့် အတွေ့အကြုံ ရှိခဲ့ဖူးလေသည်။
ဖိနပ်စီးလေ့ မရှိသည့် ခေတ်တွင် လယ်တဲမှ ကျောင်းတက်စဉ် မိဘဝယ် ပေးသည့် ဖိနပ်အသစ်ကြောင့် အရှက်ကွဲ ခဲ့ဖူးကြောင်း ဦးမောင်ဆန်းက ပြောပါသည်။
“မြင်းကြယ် ဖိနပ်အသစ်ကလေး စီးပြီး အိုက်တင်နဲ့ ကိုယ်မျက်စိကျနေတဲ့ ကောင်မလေးရှေ့ဖြတ်လျှောက်ပြတာ အဲဒီမှာတင် လယ်ကန်သင်းရိုးက ချောပြီး ချော်လဲရော ရွှံ့တွေ ဗလဗွနဲ့ ပြန်ခဲ့ရ တယ်လေ”
ဦးမောင်ဆန်းကိုယ်တိုင် လယ်လုပ် ရချိန်တွင်လည်း မိုးရာသီ လယ်တဲတို့ စည်ကားနေပါသေးသည်။
“လယ်ထွန်ပြီးလို့ အလုပ်သိမ်းချိန် ဆို လယ်တဲလေးတစ်ခုကို စုရပ်လုပ်ပြီး ဓနိရည်ခါးလေး သောက်ကြတယ်။ လယ်ထဲ ကရထားတဲ့ကဏန်းတွေ ငါးတွေ မီးဖုတ် အမြည်းလုပ်ရင်းထွေရာလေးပါး ပြောဆို ရယ်မောရင်းပေါ့”ဟု ဦးမောင်ဆန်းက ပြောပါသည်။
ယခုအချိန်တွင်မူ လယ်ထွန် စပါး စိုက်ချိန် လယ်ထဲ ပြောင်းနေကြသည့် အလေ့အထ မရှိသလောက် ရှားလှလေပြီ ဖြစ်သည်။
ယခင်က ကျွဲ၊ နွားတို့ဖြင့် လယ်ထွန် သည့် လက်မှုလယ်ယာခေတ်မှ စက်ယန္တရား ဖြင့် လုပ်ကိုင်လာသည့် စက်မှုလယ်ယာ ခေတ်သို့ ပြောင်းလာပြီဖြစ်ရာ မိုးတွင်း လယ်ထဲ ပြောင်းနေသည့် အလေ့အထတို့ လျှော့ရဲလာပြီ ဖြစ်လေသည်။
“အခုကတော့ လမ်းတွေကလည်း ကောင်းလာတယ်။ လယ်တောအထိ ဆိုင်ကယ်နဲ့ သွားလို့ရလာပြီဆိုတော့ လယ်တဲတောင် မဆောက်ကြတော့ဘူး။ နေ့လယ်ထမင်းစားချိနိဆို ဆိုင်ကယ်နဲ့ အိမ်ပြန်မောင်းပြီး ထမင်းကိုအိမ်မှာ ပြန်သွားစားရတဲ့ ခေတ်ကိုရောက်လာပြီ”ဟု ဦးမောင်ဆန်းက ပြောပါသည်။
လက်ရှိ အစိုးရမင်းတို့သည်လည်း အခါအားလျော်စွာ လယ်ထဲ ဆင်းပြ သည်မှအပ လယ်ထွန်မင်္ဂလာ ကျင်းပခြင်း မရှိတော့ပါ။
သို့သော် အချို့သော လယ်သမား မိသားစုတို့မူ လယ်တဲတွင် ပြောင်းနေ ကာ ကျွဲ၊ နွားတို့ဖြင့် လချီ လယ်ထွန်နေ ကြပါသေးသည်။
“သွားလာရခက်ခဲ၊ လမ်းမကောင်း သေးတဲ့ ရွာသေးသေးလေးမှာပဲ ကျွဲတွေ လည်းများတယ်ဆိုတော့ တချို့ ကျွဲတွေ နဲ့ထွန်နေတုန်းပဲ”ဟု ဦးမောင်ဆန်းက ဆိုလေသည်။
တနင်္သာရီသတင်းအဖွဲ့