BREAKING
October 19, 2024

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၅ ဦး ဖမ်းဆီးခံရ

June 27, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦး ယနေ့ ဇွန်လ ၂၇ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် ပုန်းနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက သွားရောက်စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်ပြီး ၎င်းတို့ကို စန်ခရာဘူရီရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အားလုံးသည် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး နေထိုင်ခွင့်စာရွက်စာတမ်းများ မရှိကြောင်း ဘာသာပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့သို့ ဖြေကြားကြောင်း သတင်းတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းရှိ စမွတ်စွန်ခရန်၊ စမွတ်စခွန်၊ ပထုံဌာနီနှင့် ဘန်ကောက်အနီးတဝိုက်တွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားလာခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်လာမှုများဖြင့် အရေးယူသွားမည်ဖြစ်ပြီး နေရပ်ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လေးလအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၄၀၀၀ နီးပါးအထိ ဖမ်းဆီးခံခဲ့ရကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

Ref: โจโฉ, MGR Online