စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့ ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်၍ အခမ်းအနားသုံးရပ်ဖြင့် ကျင်းပခဲ့သည် ။
ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်၍ သံဝေဂကထာ ရေစက်ချတရားဟောခဲ့သည်။
တပည့်သံဃာတော်များနှင့် တကာ၊ တကာမများက အပြစ်ကြီးငယ်တို့ကို နောက်ဆုံးအနေဖြင့် ဝန်ချတောင်းပန်ပြီးနောက် ရုပ်ကလာပ်ကို သဒ္ဓမ္မဒီပကသိမ်ဓမ္မာရုံမှ ကျောင်းအရှေ့မုခ်ဦး ကရဝိက်ဖောင်တော်အထိ တပည့်သံဃာတော်များက ပခုံးထမ်း၍ ပင့်ဆောင်ကြသည်။
ယင်းနောက် ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်သို့ ရုပ်ကလာပ်အား ကရိဝက်ဖောင်တော်ဖြင့် ပဲခူးမြို့တွင်းလှည့်လည်ကာ ပင့်ဆောင်ခဲ့သည်။
ရုပ်ကလာပ်တော်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် မိုးရွာသွန်းနေသော်လည်း ပဲခူးမြို့သူ၊ မြို့သားများက လမ်းဘေးဝဲယာတွင် ထွက်၍ နောက်ဆုံးဂါရဝပြု ပူဇော်ကန်တော့ကြသည်ကို တွေ့ရသည်။
ညနေပိုင်းတွင် လောင်တိုက်ပေါ်ရှိ သံတလားအတွင်း ရုပ်ကလာပ်ရောက်ရှိချိန်၌ တိုက်အုပ်ဆရာတော်မှ ရုပ်ကလာပ်အား မီးပူဇော်ခဲ့သည်။
မီးပူဇော်၍ ကြွင်းကျန်သည့် အရိုးပြာများကို ဇွန် ၂၈ ရက် နေ့လယ်ပိုင်းတွင် သိမ်ဇရပ်၊ စစ်တောင်းမြစ်အတွင်း ရေမျှောချပူဇော်သွားမည်ဖြစ်ကြောင်းဈာပနကော်မတီထံမှ သိရသည်။

















ဝင်းနိမ္မိတာရုံဆရာတော်နှင့် ကန်သုံးဆင့်ဆရာတော်တို့ စီးနင်းလိုက်ပါလာသည့်ကား ဇွန်လ ၁၉ ရက်က မန္တလေးတိုင်း၊ မြို့သာမြို့နှင့် ကမ္မရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူကာ ကန်သုံးဆင့်ဆရာတော် ဦးခေါင်း မှန်စထိမှန် ဒဏ်ရာရခဲ့သည်။
ဝင်းနိမ္မိတာရုံဆရာတော်သည် ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ကုက္ကိုရွာ ဇာတိဖြစ်ပြီး ပျံတော်မူချိန်တွင် သက်တော် ၇၈ နှစ် ၊ သိက္ခာတော် ၅၈ ဝါရှိပြီဖြစ်သည်။
သံဃအဖွဲ့အစည်းအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်၍ မဟန အဖွဲ့ဝင် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်ဆရာတော်လည်းဖြစ်သည်။
၂ဝဝ၃ ခုနှစ်တွင် ပဲခူးမြို့၊ ကလျာဏီရပ်တွင် ဝင်းနိမ္မိတာရုံအမည်ဖြင့် စာသင်တိုက်ထူထောင်ကာ စာသင်သား သံဃာအပါး ၂ဝဝကျော်ကို စီမံအုပ်ချုပ်၍ ပျံတော်မမူမီအထိ ပရိယတ္တိစာပေများပို့ချခဲ့သည်။
စာပေထူးချွန်သဖြင့် သာသနာဆိုင်ရာဘွဲ့ထူး၊ ဂုဏ်ထူးများ ရရှိထားသူဖြစ်ပြီး စာသင်သားသံဃာများအတွက် ရှင်းတမ်းကျမ်းများပြုစုခဲ့သူလည်းဖြစ်သဖြင့် ဆရာတော်ပျံလွန်တော်မူခြင်းသည် သာသနာအတွက်ဆုံးရှုံးမှုကြီးဖြစ်ကြောင်း မြန်မာသံဃာအသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။