BREAKING
January 18, 2025

တနင်္သာရီနှင့် မြိတ်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတို့တွင် အရပ်သားတစ်ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရ

June 27, 2024

တနင်္သာရီနှင့် မြိတ်မြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၂၇ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။

တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်သဖြင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ထိခိုက်ပျက်စီးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂၈ရက်တွင် ထုတ်ပြန်သည်။

ကျွဲထိန်းကုန်းရွာအပြင် ဘန်လင်ရွာ၊ သမီးလှရွာထဲကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၂) တပ်ရင်းမှ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းတွင်ပင် မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ဘဲမဒီကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ကျွန်တော် စုံစမ်းသိရသလောက် ဘဲမဒီမှာ တစ်ဦးသေ၊ ဆယ်ဦးဒဏ်ရာရတယ်လို့ပဲ ကြားတယ်။ ကလေးတစ်ယောက် သေတယ်ဆိုတာတော့ မသိရသေးဘူးခင်ဗျား” ဟု ၎င်းက ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှု မရှိသလို တိုက်ပွဲဖြစ်ပွား ခြင်းလည်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တို့နှင့် ဒေသခံတို့က ပြောသည်။

ဇွန်လ ၁၄ ရက်တွင် တနင်္သာရီမြစ်ဘေးက စစ်ကောင်စီ၏ အောင်သာဝရစခန်းကို KNLA၊ KNDO၊ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားခဲ့သည်။ 

စခန်းစွန့်ခွာထွက်ပြေးသွားသည့် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်သားများ စစ်ကြောင်းပြန်ထိုးလာသည့် ဇွန် ၁၉ ရက်မှ ၂၆ ရက်အထိ လမ်းတစ်လျှောက် တိုက်ခိုက်ခံရပြီးသည့်နောက် ဇွန်လ ၂၇ ရက်တွင် စစ်ကောင်စီတပ်က တော်လှန်ရေးအားကောင်းသည့် နယ်မြေများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်။

၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီတပ်စခန်း ၁၀ ကို KNU၊ KTLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။