BREAKING
January 2, 2025

စစ်ကောင်စီက ဇာဒီရွာကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေပြီး အင်တာနက်လည်းဖြတ်ထား

June 27, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ညကစ၍ ၂၆ ရက်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကြောင်း ရွာသားများကပြောသည်။

လက်နက်ကြီးကျည်များသည် ဇာဒီ ရွာမနှင့် အနောက်ကုန်းရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲပြီး ကျည်ဆန်အစများ နေအိမ်တွင်ထိမှန်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း ၎င်းတို့က ဆိုသည်။

“မနေ့က (ဇွန် ၂၆) နေ့လယ် ၂ နာရီလောက်ပစ်တာ ဆယ်ချက်ကျော်တယ်။ ရွာအထဲတွေပဲ ကျလာတယ် ။ လူတွေ မထိလို့ တော်သေးတယ်။ အရင်ကတစ်ခါမှ မပြေးတဲ့လူတွေတောင် အခုရှောင်နေကြတယ်။ ဘုန်းကြီးတွေပါ မြို့ပေါ် တက်နေနေရတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၂၃ ရက်ကစ၍ မောရဝတီရေတပ်စခန်းဌာနချုပ်၊ စစ်သင်္ဘော အပြင် မော်ကြီးနှင့် ပယရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကမည်သည့်ထိတွေ့တိုက်ပွဲမျှမရှိဘဲ နေ့စဉ်ရက်ဆက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်တွင်မူ ပစ်ခတ်မှုများ မရှိတော့သော်လည်း ရွာသားများ ရပ်ရွာမပြန်ရဲသေးကြောင်း ၎င်းတို့က ဆိုသည်။

ဇာဒီရွာရှိ အိမ်ထောင်စု ၈၀၀ နီးပါး ထွက်ပြေးနေရပြီး ကံပေါက်ဒေသနှင့် ဆက်သွယ်သည့် လမ်းကြောင်းနှစ်ခုတွင် ဇာဒီရွာဘက်သို့ ဆန်မသယ်ခိုင်းသဖြင့် စားနပ်ရိက္ခာအခက်အခဲရှိလာကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ဇာဒီရွာတွင် အက်တမ်၊ မိုင်တဲ အော်ပရေတာနှစ်ခုစလုံး ဇွန် ၂၆ ရက်ကစ၍ ပြတ်တောက်သွားပြီး အမ်ပီတီအော်ပရေတာမှာမူ ဖုန်းပြောရန်သာ အသုံးပြုရပြီး အင်တာနက်သုံးစွဲ၍ မရ‌တော့ကြောင်းလည်း ရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း စစ်ကောင်စီသည် ရေနက်ဆိပ်ကမ်းရှိရာ နဘုလယ်ဒေသဘက်မှ ဇာဒီရွာဘက်သို့ လာသည့် ကုန်းလမ်းကြောင်းကို ဘက်ဟိုးဖြင့်တူး၍ ဖြတ်တောက်ခဲ့ဖူးသည်။