ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၃၆၀ဝ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။
ရေး – ထားဝယ်လမ်းပိုင်းတွင် ဇွန်လဆန်းကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
ဇွန်လ ၁၉ ရက် ရက်က တိုက်ပွဲဖြစ်ခဲ့သည် နေရာအနီးရှိ မျောက်ချောရွာနှင့် နဂါးအိုင်ရွာတို့သည် ရွာလုံးကျွတ်ထွက်ပြေး နေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
“မျောက်ချောရွာနဲ့ နဂါးအိုင်မှာက စစ်တပ်က ဝင်တပ်စွဲထားတယ်။ ရွာလုံးကျွတ်ပြေးနေရတယ်။ အိမ်လည်း ၃ဝ နီးပါး မီးလောင်ထားတယ်။ ဆိုင်ကယ်၊ ကား အကုန်မီးရှို့ခဲ့တယ်။ ဆိုင်တွေ၊ အိမ်တွေ အဖောက်ခံရပြီး စားနပ်ရိက္ခာဆေးဝါးတွေ လည်း ဘာမှမရှိတော့ဘူး။ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ရေဖြူ ပအဖမှ ရာဖူး ကျေးရွာအုပ်စု စစ်ဘေးရှောင်ကူညီဆောင်ရွက်ရေးတာဝန်ယူထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ၁၉ ရက်တိုက်ပွဲပြီးနောက် စစ်အင်အားထပ်ဖြည့်ခဲ့ပြီး ဇွန် ၂၄ ရက်တွင် တပ်အချို့ကို ရုတ်သိမ်းကာ ရွာသားများ ကျေးရွာအတွင်းပြန်လာနေရန်ခေါ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
သို့သော် မျောက်ချောရွာတွင် စစ်ကောင်စီစစ်ကြောင်း ဆက်ရှိနေဆဲဖြစ်သဖြင့် အနည်းစုသာရွာပြန်၍ ရွာသားအများစု ရွာမပြန်ဘဲ စစ်ဘေးရှောင်နေဆဲ ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ဘေးရှောင်များကို ကူညီနိုင်ရန် ရေဖြူ ပအဖ အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လူသားစာနာမှု တာဝန်ခံထံ ဆက်သွယ်ကူညီနိုင်ကြောင်း ရေဖြူ ပအဖထံမှ သိရသည်။
စစ်ကောင်စီသည် ယခုဇွန်လတွင် ရေဖြူမြို့နယ်၌ စစ်အင်အားအများအပြားသုံး၍ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှု ပြန်တည်ဆောက်ရန်ကြိုးပမ်းနေပြီ ထိတွေ့တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။