BREAKING
September 19, 2024

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

June 27, 2024

ပုံစာ - ထွက်ပြေးနေရသည့် ကျိုက်ထိုဒေသခံများ။ ဓာတ်ပုံ - KHRG

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် နေမှုကြောင့် ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံနှင့် အကူအညီပေး နေသူ တို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၀ က လူနေကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံတို့က ဆိုသည်။

“ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက နေ့တိုင်းလိုလိုပါပဲ။ အခုဆို ရွာမှာ ဘယ်သူမှလည်း မနေရဲကြတော့ဘူး။ အကုန်ထွက်ပြေးနေရတယ်။ ဘာတိုက်ပွဲ ဘာမှမရှိဘဲနဲ့ကို ရွာထဲကို တမင်သက်သက် ပစ်နေတာ” ဟု ကျိုက်ထို ဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၁၄ ရက်တွင် အမြောက်တပ်ရင်း ၃၁၀ က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး အသက် ၁ နှစ်ခွဲဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNU က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၁ရက် ညနေကလည်း စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျိုက်ထိုမြို့နယ် KNU အုပ်ချုပ်မှုနယ်မြေထဲရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ ဦးဇင်းတစ်ပါး၊ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၆၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း KNU က ဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံပြည်သူများ နေထိုင်ရာ နေရာများထဲသို့ ကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း KNU သထုံခရိုင်အုပ်ချုပ်နယ်မြေတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁၄၀,၀၀၀ ကျော်အထိ ရှိနေသည်။