BREAKING
January 11, 2025

ရှမ်းမြောက်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန် သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့သွား

June 27, 2024

ပုံစာ - ယနေ့ ဇွန်လ ၂၇ ရက်တွင် သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်စဉ်။ ဓာတ်ပုံ – Chinese Embassy in Myanmar

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ရန် သမ္မတဟောင်း ဦးသိန်းစိန် ယနေ့ ဇွန်လ ၂၇ရက်တွင် တရုတ်သို့ သွားရောက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွားရောက်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာချိန်နှင့် တိုက်ဆိုင်နေသည်။

သမ္မတရာထူးမှ အနားယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ရေးသားသည်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့လည်း လိုက်ပါသွား ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်သည်။

စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင်များကလေဆိပ်ကို ပို့ဆောင်ခဲ့ကြကြောင်းလည်း ဆိုသည်။

ဇွန်လ ၂၆ရက်တွင် တရုတ်သံအမတ်ကြီးက သမ္မတဟောင်း ဦးသိန်းစိန်ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အခြေအနေ၊ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဘန်ဒေါင်းမူဟု လူသိများသည် ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူကြီး ၅ချက်ကို ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၅၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ ကျင်းပသည့် ညီလာခံတွင် အတည်ပြု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဘန်ဒေါင်းမူ ငါးချက်မှာ နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို လေးစားရန်၊ မကျူးကျော်ရန်၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရန် စသည်တို့ ပါဝင်သည်။