ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ယင်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ၁၁၅ တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇွန်လ ၂၆ ရက် ညတွင်ထုတ်ပြန်ထားသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ကာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်နေပြီး ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနှင့် မတ္တရာတို့တွင် မဟာမိတ်များနှင့် လက်တွဲကာ စစ်ရေးဖော်ဆောင် နေကြောင်း MDY-PDF က ဆိုသည်။
နောင်ချိုတွင် လက်ကျန်စခန်းများဖြစ်သည့် ခမရ ၁၁၄နှင့် အမြောက်တပ်ရင်း ၆၀၆ တို့ကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိကြောင်းလည်း ဖော်ပြသည်။





မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များတွင်လည်း စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တအာင်းတပ်ကမူ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့နံနက်အထိ စစ်ကောင်စီတပ်စခန်း ၂၅ ခုကို သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားကြောင်း ဖော်ပြသည်။