BREAKING
January 18, 2025

ကော့စမွေကျွန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့် ဖျော်ဖြေမည်

June 27, 2024

ပုံစာ - ပြီးခဲ့သော မေလက ငါးဟားကောင်အငြိမ့် ကော့ဖငန်းကျွန်းတွင်ဖျော်ဖြေစဉ်။(ပုံဟောင်း)

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းတွင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေပွဲအဖြစ် ဟားငါးကောင်အငြိမ့်သဘင်ကို ကျင်းပဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ဟားငါးကောင်အငြိမ့်ကို လာမည့် ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ည ၇ နာရီမှ ၁၂ နာရီအထိ ကော့စမွေကျွန်းရှိ ဘန်ရတ်ဒေသထဲ၌ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတို့က ပြောသည်။

စစ်ဘေးရှောင်များနှင့် လိုအပ်သော နေရာများတွင် လှူဒါန်းနိုင်ရန် လက်မှတ်တစ်စောင်ကို ဘတ် ၃၀၀ နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ပွဲမှရရှိသော ရန်ပုံငွေအပေါ်မူတည်၍ တနင်္သာရီတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေး‌ရှောင်များအတွက် အဓိက ဦးတည်ပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုအောင်မျိုးက ဆိုသည်။

“ရန်ပုံငွေတွေကို ဘယ်နေရာတွေ ခွဲဝေလှူဒါန်းမယ်ဆိုတာ သတ်မှတ်ထားပါတယ်။ ရလာမယ့်ငွေပမာဏအပေါ် မူတည်ပြီး ခွဲဝေလှူဒါန်းသွားမှာပါ။ ထားဝယ်ဘက်ကို လှူဒါန်းဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီပွဲဖြစ်အောင် အစစအရာရာ စီစဉ်ရတာကလည်း ကျွန်တော်တို့အတွက် စရိတ်အင်မတန်ကြီးပါတယ်” ဟု ၎င်းက ပြောသည်။

ပွဲကျင်းပမည့် ညနှစ်ညအတွက် ထိုင်းဌာနဆိုင်ရာအသီးသီးကို အကြောင်းကြားထားပြီးဖြစ်သဖြင့် လာရောက်ကြည့်ရှုသူများအနေဖြင့် စိုးရိမ်စရာမရှိကြောင်း ကိုအောင်မျိုးက ပြောဆိုသည်။

ပွဲသို့ လာရောက်မည့်သူများအနေဖြင့် မူးယစ်ဆေးဝါး၊ လက်နက်စသော ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများကို မယူဆောင်လာရန် ပွဲစီစဉ်သူများက ဆိုသည်။