ထားဝယ်တွင် ရွှေရောင်းသူနည်းလာပြီး ပေါင်သူပိုများလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခင်ကလည်း မိုးရာသီရောက်တိုင်း ငွေလိုအပ်ချက်ရှိသူများက ရွှေလာပေါင်လေ့ရှိပြီး သို့သော် ယခုနှစ်တွင်မူ သိသိသာသာ များလာကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။
ရွှေပေါင်ရာတွင် အတိုးနှုန်းအဖြစ် ငွေကျပ်တစ်ရာလျှင် တစ်လ ၂ ကျပ်နှုန်းသတ်မှတ်ထားရာ ငွေကျပ်တစ်သိန်းချေးပါက တစ်လအတိုးနှုန်း ကျပ်နှစ်ထောင်ပေးရမည်ဖြစ်သည်။
လက်ရှိတွင် ရွှေလာရောင်းသူ နည်းနေသလို ဝယ်သူလည်းနည်းနေပြီး လာပေါင်သူက များနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“လူတွေလက်ထဲလည်း ရွှေတွေအတော်လေးကို ကုန်နေပြီထင်တယ်။ ရောင်းတဲ့သူလည်း သိပ်မလာဘူး။ တချို့ငွေလိုတဲ့သူတွေကျပြန်တော့ မရောင်းဘဲ ရွှေပေါင်နဲ့ပဲ ပိုက်ဆံချေးကြတယ်” ဟု ၎င်းက ပြောသည်။
ရွှေအပေါင်ခံရာတွင် ရွှေထည်ပစ္စည်းကာလပေါက်ဈေးထက် တန်ဖိုးကျပ်သိန်းဂဏန်းလျှော့ကာ ထုတ်ချေးလေ့ရှိပြီး အတိုးနှုန်းကို ပျမ်းမျှအားဖြင့် လတိုင်းပေးဆောင်ရသလို သုံးလ ခြောက်လကြာမှ ပေးဆောင်သူများလည်းရှိသည်။
လက်ရှိတွင် ငွေကြေးတန်ဖိုးကျဆင်းပြီး အထွေထွေကုန်ဈေးနှုန်းတက်နေသည့်အတွက် ဆိုင်တွင် ဝယ်ထားသည့် ရွှေဘောက်ချာပြသနိုင်သူကိုသာ ရွှေအပေါင်ခံနေရကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ပြောဆိုသည်။
“ဖောက်သည်တခြားရောက်သွားမှာ စိုးလို့သာ ချေးတာမျိုးရှင့်။ ရွှေဆိုင်တွေကလည်း ပိုက်ဆံတွေက မလုံလောက်ကြဘူး။ ရွှေပေါင်နဲ့ ပိုက်ဆံချေးတာတောင်မှ ကိုယ့်ဖောက်သည် မဟုတ်ဘူးဆိုရင် ရွှေဆိုင်တွေက မချေးကြဘူးရှင့်။ ချေးရှုံးကို” ဟု ၎င်းက ပြောသည်။
ရွှေဈေးတက်နေချိန်တွင် ရွှေအပေါင်ခံပြီး ငွေထုတ်ချေးမည့်အစား ရွှေ၊ အိမ်မြေကဲ့သို့ ပစ္စည်းတစ်ခုခုဝယ်ထားပါက ပိုမိုတွက်ခြေကိုက်သည့်အတွက် ရွှေဆိုင်အများစုက ထုတ်မချေးချင်ကြကြောင်း အဆိုပါရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
ရွှေဈေးကစားသည်ဟုစွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဇွန်လ ၅ ရက်မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ဘဲ ရွှေထည်ပစ္စည်းများကိုသာ ရောင်းချနေကြသည်။
ထားဝယ် စည်ပင်သာယာဈေးကြီးပတ်လည်တွင် ရွှေဆိုင်အခန်းပေါင်း တစ်ရာနီးပါးရှိသည်။