BREAKING
November 22, 2024

မြန်မာ တောင်ပိုင်း မူးယစ် ပင်လယ်

June 27, 2024

ကံဆိုးသူ မောင်ရှင်တော့ သည်တစ်ခေါက် ထိပါလေ၏။ ရှမ်းပြည်နယ်၊ ထိုမှ တစ်ဆင့် ရန်ကုန်၊ ထိုမှ တစ်ဆင့် ကပ္ပလီပင်လယ်ကို ဖြတ်၍ ရေကြောင်းဖြင့် မလေးရှားသို့ ဦးတည်နေသည့် ငါးဖမ်းလှေ အသွင်ရှိ ရေယာဉ်တစ်စီးဖြစ်သည်။ အိုက်စ်ဟု အလွယ်ခေါ်သော မက်သ်အဖက်တမင်း တစ်တန်ကျော်ကို သယ်ဆောင်လာသော ယင်းရေယာဉ်သည် တနင်္သာရီရေပိုက်နက်အတွင်း ကော့သောင်းမြို့သို့ မရောက်မီ မိုင် ၁၉၀ ကျော် အလိုတွင် စစ်ကောင်စီက ဖေဖော်ဝါရီလအတွင်းက ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

လှေသားများ၏ ထွက်ဆိုချက်အရ ကျပ်သန်းပေါင်း လေးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ တစ်ဆင့် ကုန်းတစ်တန် ရေတစ်တန် သယ်ဆောင်လာခြင်း ဖြစ်သည်။

လက်ရှိအဖမ်းခံရသည့် စက်လှေမှာ မူးယစ်ဆေးသယ်လှေမြောက်များစွာထဲက ကံဆိုးမိုးမှောင်ကျပြီး အဖမ်းခံရသည့် လှေတစ်စီးသာဖြစ်သည်။

လေဟာနယ် ရေပိုင်နက်

အိမ်နီးချင်းနိုင်ငံများက မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေး စစ်ဆင်ရေးများကို ဖိဖိစီးစီး လုပ်ဆောင်လာချိန်တွင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းများက ပဋိပက္ခကြီးထွားပြီး တရားဥပဒေ စိုးမိုးမှုကင်းမဲ့နေသော တနင်္သာရီတိုင်းရေပြင်ပိုက်နက်ကို ပိုမို အသုံးပြုလာကြသည်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ကလည်း အာရှမူးယစ်မှောင်ခိုအဖွဲ့များက မြန်မာနိုင်ငံမှတစ်ဆင့် မူးယစ်ဆေးမှောင်ခိုကူးရာတွင်‌ ရေလမ်းကြောင်း အသုံးပြုမှုပိုများလာသည်ဟု ဆိုသည်။

ယင်းကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သော ရေလုပ်ငန်းရှင်တစ်ဦးနှင့် တာဝန်ထမ်းဆောင်ဆဲ ရဲအရာရှိ တစ်ဦးတို့ကလည်း အတည်ပြု ပြောဆိုသည်။

“ပင်လယ်လမ်းတောက်လျှောက်။ မြိတ် ကော့သောင်းတောက်လျှောက် လှေနဲ့ချည်း ချိတ်ကြတာပဲ”ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။

ဒေသတွင်း မက်သာဖက်တမင်း(ICE) ထုတ်လုပ်မှုအများစုမှာ ထိုင်း၊ လာအိုနှင့် မြန်မာနယ်စပ်များ ဆုံရာ ရွှေတြိဂံဒေသအတွင်းဖြစ်ပြီး နှစ်ပေါင်းများစွာကတည်း ထုတ်လုပ်လာခဲ့သည်။

ရွှေတြိဂံဒေသက ထုတ်သည့် ICE နှင့် WY အပါအဝင် မူးယစ်ဆေးများကို ယခင်က လာအိုနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းလမ်းကြောင်းများမှ တစ်ဆင့် ပမာဏအများအပြား မှောင်ခိုတင်ပို့ခဲ့ကြသည်။

လက်ရှိတွင်မူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တစ်လျှောက်နှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဖမ်းဆီးစစ်ဆေးမှုများတင်းကျပ်လာကြောင်း UNODC အစီရင်ခံစာက ဆိုသည်။

ထိုကြောင့်လည်း မူးယစ်ဂိုဏ်းများက စစ်အာဏာသိမ်းဂယက်ကြောင့် ဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် လေဟာနယ်ကို အသုံးပြုကာ ပင်လယ်ရေကြောင်းမှ တစ်ဆင့် ပိုမိုသယ်ဆောင်လာကြခြင်းဖြစ်သည်။

UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်ကလည်း မူးယစ်ဆေးဝါးဖြန့်ဖြူးရာလမ်းကြောင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ တစ်ဆင့် ကပ္ပလီပင်လယ်သို့ ဦးတည်နေသည်ဟု ဆိုသည်။

ထို့အပြင် မူးယစ်ဆေးကုန်ကူးသည့် လမ်းကြောင်းအသစ်များကြောင့် အာရှဒေသတွင်း မူးယစ်ဆေးဝါးကုန်သွယ်မှုသည် အလွန်အမင်းကြီးထွားလာနေကြောင်း ယမန်နှစ် ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်သည့် UNODC အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ထိုကြောင့်လည်း တနင်္သာရီပင်လယ်ပြင်အတွင်း ကျပ်ဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် ICE နှင့် WY မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် ဖြစ်စဉ်က ခပ်စိပ်စိပ်ရှိလာသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်ပြီးချိန်မှ ၂၀၂၄ ခုနှစ် ဧပြီလအထိ တနင်္သာရီပင်လယ်ပြင်အတွင်း ကျပ်ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ မူးယစ်ဆေးများသယ်ဆောင်လာသည့်လှေဖမ်းမိသည့်ဖြစ်စဉ် ၅ ကြိမ် ထက်မနည်း ရှိခဲ့သည်။ ထိုအရေအတွက်မှာ ရေလမ်းမှ သယ်လာစဉ် ဖမ်းမိသည့် အကြိမ်အရေအတွက်သာ ဖြစ်ပြီး ကုန်းလမ်းမှတွင် ဖမ်းမိသည့် ဖြစ်စဉ် မပါရှိသေးပေ။ ထို့အပြင် တန်ဖိုး ငွေကျပ်သိန်းထောင်ချီသော မူးယစ်ဆေးဖမ်းမိသည့် အမှုများကို ထည့်သွင်းရေတွက်ထားခြင်း မရှိသေးပေ။

ထိုသို့ဖမ်းမိသည့် အကြိမ်အရေအတွက်မှာ စစ်ကောင်စီ၏ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (CCDAC Myanmar)က ထုတ်ပြန်သည့် စာရင်းသာရှိသေးသည်။ ရေပြင်ပေါ် ပေါ်နေသည့် ရေခဲတုံး သေးသေးမျှသာ ရှိသေးသည်။

လမ်းကြောင်းများ အသုံးပြုပုံ

ပင်လယ်ပြင်အတွင်း ဖမ်းမိသည့်ဖြစ်စဉ်များအရ မူးယစ်ဆေးများကို လမ်းကြောင်းနှစ်ကြောင်းမှ အဓိကသယ်ယူကြကြောင်း CCDAC Myanmar က၏ အချက်အလက်များအရ သိရသည်။

ပထမလမ်ကြောင်းမှာ မူးယစ်ဆေးအဓိကထွက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းမှ မြိတ် သို့မဟုတ် ကော့သောင်းမြို့ကုန်းလမ်းခရီးဖြင့် သယ်ဆောင်လာကြသည်။ ထိုမှ တစ်ဆင့် ဒေသခံငါးဖမ်းလှေအချို့ကို အသုံးချပြီး အဓိက ဝယ်လက်ရှိရာ မလေးရှားရေပိုက်နက်အထိ သယ်ဆောင်ကြခြင်းဖြစ်သည်။

ဒုတိယလမ်းကြောင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ တစ်ဆင့် ကုန်းလမ်းခရီးဖြင့် ဧရာဝတီတိုင်း(သို့) ရန်ကုန်တိုင်း သို့မဟုတ် ရခိုင်ပြည်နယ်သို့ သယ်ဆောင်လာပြီး ယင်းမှတစ်ဆင့် စက်လှေဖြင့် ပင်လယ်ရေကြောင်းကိုအသုံးပြုကာ မလေးရှားရေပြင်အထိ ပို့ဆောင်နေခြင်းဖြစ်သည်။

ငါးဖမ်းလှေများစွာပိုင်ဆိုင်ပြီး ဆယ်စုနှစ်သုံးခုခန့်ရေလုပ်ငန်းလုပ်ကိုင်ခဲ့သည့် တနင်္သာရီတိုင်းသား ဝါရင့်ရေလုပ်ငန်းပိုင်ရှင်တစ်ဦးကလည်း ၎င်းတွေ့မြင်နေရသည့် အခင်းအကျင်းအရ မူးယစ်ဂိုဏ်းများက ဒေသငါးဖမ်းလှေများကို အသုံးပြုကာ ပင်လယ်ရေကြောင်းမှ တစ်ဆင့် မလေးရှားရေပိုက်နက်အထိ တင်ပို့ကြသည်ဟု ဆိုသည်။

ထိုသို့ပို့ဆောင်ရာတွင် လှေအကျယ်(ဝမ်းပြဲ) ၁၂ ပေ အထက်ရှိ ဝါးလပ်(ဒရွတ်ဆွဲပိုက်)သို့မဟုတ် မျှောပိုက်လှေကြီးများကို အသုံးပြုလေ့ရှိကြောင်း အဆိုပါ ရေလုပ်ငန်းရှင်က Dawei Watch ကို ပြောသည်။

အကြောင်းမှာ တနင်္သာရီတိုင်းအတွင်းရှိ ငါးဖမ်းလှေများက ထိုင်းနိုင်ငံ ဒီဇိုင်းဖြင့် တည်ဆောက်ထားသည့်အတွက် ပုံစံအားလုံးတူညီနေပြီး အခြားငါးဖမ်းလှေများနှင့် ရောနှောကာ ကိုယ်ရောင်ဖျောက်နိုင်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သိရသလောက်ဆိုရင် မြိတ်အထိ ကုန်းလမ်းကလာတယ်။ မြိတ်မှာစုရပ်ထားတယ်။ စုရပ်ထားပြီးရင် မြိတ်မှာလှေပြန်ရှာတယ်။ ပင်လယ်ထဲကို ပြန်ထွက်ဖို့အတွက်ပေါ့”ဟု အထက်ပါ ဝါရင့်ရေလုပ်ငန်းရှင်က ပြောသည်။

မြိတ်ကတစ်ဆင့် မူးယစ်ဆေးသယ်ချိန်တွင် ဒေသခံငါးဖမ်းလှေကြီးများကို ဝယ်ယူပြီးသယ်ယူရှိသကဲ့သို့ အကျိုးတူပူးပေါင်းပြီး သယ်ယူသူလည်းရှိကြောင်း ၎င်းက ဆိုသည်။

“(ငွေ)မြိုးမြိုးမြက်မြက်ပေးမယ်ကွာ။ လာဒ်တ္တီကျူ လောင်ဂျီကျူ ဘယ်လောက်အထိသွားမယ်။ အဲဒီအတွက် ဘယ်လောက်ပေးမယ်။ ကယ်ရီသယ်တာပေါ့နော်။ ကိုယ့်ဘက်က ပဲ့နင်းခံပေးရမယ် စက်ဆရာ လှေသားပါခံပေးရတယ်။ အရောက်ပို့ပေါ့” ယင်းရေလုပ်ငန်းရှင်က ပြောသည်။

အဆိုပါရေလုပ်ငန်းရှင် ညွှန်းဆိုသည့်အတိုင်းပင် မြိတ်မြို့နယ်အတွင်းရှိ ငါးဖမ်းလှေအချို့တွင် သိန်းပေါင်းများစွာ တန်ဖိုးရှိသည့် မူးယစ်ဆေးဖမ်းမိမှုဖြစ်စဉ်များ ရှိသည်။

ပင်လယ်ငါးဖမ်းလှေများ အများဆုံးဆိုက်ကပ်ရာ မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ လွန်းကျင်းတစ်ခုတွင် ဆိုက်ကပ်ထားသည့် လှေတစ်စီးပေါ်မှ ကျပ်သိန်းပေါင်းနှစ်သိန်းကျော် တန်ဖိုးရှိသည့် ICE မူးယစ်ဆေးဝါးများ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလက ဖမ်းမိခဲ့ဖူးသည်။

ယခုနှစ်ဆန်းပိုင်းကပင် ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် မြိတ်ဒေသခံတစ်ဦးပိုင်ဆိုင်သည့် စက်လှေတစ်စီးကို ဖမ်းဆီးစစ်ဆေးရာက ကွင်းဆက်အဖြစ် ICE မူးယစ်ဆေးအများအပြား ဖမ်းမိခဲ့သေးသည်။

“အေးမြတ်အောင်” အမည်ရှိစက်လှေသည် ဟိုင်းကြီးကျွန်းမြို့အနီး ပင်လယ်ပြင်တွင် မလေးရှားပို့မည့် မူးယစ်ဆေးဝါး လာပို့သူအား စောင့်ဆိုင်းနေချိန် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အဆိုပါစက်လှေမှာ မြိတ်မြို့နေ ဦးတင်ရှိန်ပိုင်ဆိုင်ခြင်းဖြစ်ပြီး ပုသိမ်မြို့နယ်၊ သမ္ဗန်ချိုင်ကျေးရွာရှိ ဂိုဒေါင်အတွင်းက ICE မူးယစ်ဆေး တစ်တန်ခွဲ တင်ဆောင်ရန် ပင်လယ်ပြင်အတွင်းစောင့်ဆိုင်းနေချိန် အဖမ်းခံရခြင်းဖြစ်သည်။

စစ်အာဏာမသိမ်းမီကလည်း မလေးရှားနိုင်ငံမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ဖြန့်မည့် မူးယစ်ဆေးများမှာ တနင်္သာရီတိုင်းကုန်းလမ်းနှင့် ပင်လယ်ရေလမ်းကို ဖြတ်သန်းသွားလေ့ရှိသည်။

သာဓကအားဖြင့် ၂၀၁၈ ခုနှစ်က မက်သမ်ဖက်တမင်း ၁ ဒသမ ၂ တန်နီးပါးကို ကုန်သေတ္တာအတွင်းထည့်ကာ မြန်မာဆိပ်ကမ်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ရေလမ်းဖြင့် ပို့ဆောင်ခဲ့သည့်အတွက် ဖမ်းမိခဲ့ဖူးသည်။

ယင်းကုန်သေတ္တာအား မလေးရှားအာဏာပိုင်များက သိမ်းဆည်းရမိပြီး မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် လက်ဖက်ခြောက်အိတ်ဖြင့် ထုပ်ပိုးထားသည့် (ICE) အထုပ် ရာချီ တနင်္သာရီတိုင်းပင်လယ်ပြင်အတွင်း မျောပါနေခဲ့ဖူးသည်။

ထိုအချိန်က တရုတ်ဘာသာစကားပါ လက်ဖက်ခြောက်အိတ်များဖြင့် ထည့်ထားသည့် ICE မူးယစ်ဆေးထုပ်များမှာ ပင်လယ် ဒီရေကြောင့် ပင်လယ်ကမ်းစပ်များတွင် သောင်တင်နေသလို ရေလုပ်သားများ ငါးဖမ်းထွက်ရာတွင်လည်း ပင်လယ်အတွင်း ပေါလောမျောပါနေသည်ကို တွေ့ရလေ့ရှိသည်။

လက်ဖက်ခြောက်အိတ်တစ်ထုပ်လျှင် ICE မူးယစ်ဆေး တစ်ကီလိုဂရမ်ခန့် ပါဝင်ပြီး ပင်လယ်ပြင်ငါးဖမ်းခွင့်ပိတ်ထားသည့် ၂၀၁၉ ခုနှစ် ဇွန်လအတွင်း တွေ့ခဲ့ခြင်းဖြစ်သည်။

ပင်လယ်အတွင်း လှေမှောက်ခြင်းကြောင့် မူးယစ်ဆေးအထုပ်များ မျောပါနေခြင်းဖြစ်နိုင်သလို ကင်းလှည့်ရေယာဉ်များ၏ စစ်ဆေးမှုကြောင့် ပင်လယ်အတွင်း ပစ်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း ရေလုပ်သားများက ထင်ကြေးအမျိုးမျိုးပေးကြသည်။

မည်သည့်အကြောင်းအရင်းကြောင့် ပင်လယ်အတွင်းမျှောနေမှန်း မသိရသော်လည်း တနင်္သာရီတိုင်းရေပြင်ကို အသုံးပြုကာ မူးယစ်ဆေးအကြီးအကျယ်ပို့ဆောင်နေသည့် အချက်မှာ အငြင်းပွားဖွယ်ရာမရှိပေ။

ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ တနင်္သာရီတိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများကလည်း ထိုအချက်ကို အတည်ပြုပြောဆိုထားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှထွက်ရှိသည့် မူးယစ်ဆေးများကို နိုင်ငံတကာသို့ တင်ပို့ရာတွင် တနင်္သာရီတိုင်းပင်လယ်ပြင်ကို ကြားခံအနေဖြင့် အသုံးပြုနေကြောင်း NLD အစိုးရလက်ထက် တိုင်းရဲမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးကြီးနေမျိုးက က ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိုးမိုးမှု

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် တရားဥပဒေစိုးမိုးမှုမဲ့နေသည့်အချိန်တွင် တနင်္သာရီပင်လယ်ကိုဖြတ်ကာ မူးယစ်ဆေးသယ်သည့် လမ်းကြောင်းက ပိုမိုကျယ်ပြန့်လာသည်။

လတ်တလောဖမ်းမိသည့် ဖြစ်စဉ်များအရ ကျပ်ငွေဘီလီယံပေါင်းများစွာတန်ကြေးရှိ မူးယစ်ဆေးဖမ်းမိမှုက ခပ်စိပ်စိပ်ရှိနေသည်။

တနင်္သာရီတိုင်းအတွင်း လက်ရှိတာဝန်ကျနေသည့် ကြယ်သုံးပွင့်အဆင့်ရှိ ရဲအရာရှိတစ်ဦး၏ အဆိုအရ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းခြေများမှ တစ်ဆင့် ပင်လယ်ပြင်တွင် ရပ်နားထားသည့် လှေကြီးများထံ အမြန်သွားရေယာဉ်ငယ်များဖြင့် မူးယစ်ဆေးပို့ဆောင်နေသည်ဟု Dawei Watch ကို ပြောသည်။

အဆိုပါ အမြန်ရေယာဉ်ငယ်များက မြိတ်နှင့် ကော့သောင်းဒေသရှိ ပင်လယ်ကမ်းစပ်များမှတဆင့် ပင်လယ်အတွင်းရှိ စက်လှေကြီးများထံ လူးလားခေါက်ပြန် ပို့ဆောင်နေသည်ဟု ဆိုသည်။

“ဒီလူတွေမှာက ဂျွန်ဆင် (အမြန်ရေယာဉ်) အသေးလေးတွေရှိတယ်။ အဲဒီကောင်တွေက အပြင်(ပင်လယ်ပြင်)ကို သွားပို့တာ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ကလည်း ကပ္ပလီပင်လယ်အတွင်းရှိ လှေပေါ်သို့ ပို့ဆောင်မည့် ICE မူးယစ်ဆေး တစ်တန်ကို မြိတ်မြို့တွင် ဖမ်းမိခဲ့သေးသည်။

အဆိုပါ မူးယစ်ဆေးများကို ရှမ်းပြည်နယ်မှ မော်တော်ယာဉ်ဖြင့်သယ်လာပြီး ပင်လယ်အတွင်းရှိ လှေပေါ်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရလက်ထက်တွင်မူ သမ္မတက တိုက်ရိုက်ကွပ်ကဲသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထားသလို လုံခြုံစိတ်ချရပြီး တိုက်ရိုက်တိုင်ကြားနိုင်သည့် လမ်းကြောင်းလည်း ဖွင့်ပေးထားသည်။

ယင်းအဖွဲ့အစည်းလည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။ လက်ရှိ ပြည်တွင်းပဋိပက္ခအခြေအနေများနှင့် တိုက်ပွဲများကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုလည်း ကျဆင်းလာသည်။

ယင်းကဲ့သို့ကမ်းခြေဒေသများမှ တစ်ဆင့် မူးယစ်ဆေးဝါးပို့ဆောင်နေသည်ကို သိထားရသော်လည်း တော်လှန်ရေးကာလတိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် သွားမဖမ်းရဲတော့ကြောင်း တနင်္သာရီတိုင်းအတွင်း တာဝန်ကျနေသည့် အထက်ပါရဲအရာရှိက ဆိုသည်။

“အရင်ကနဲ့စာရင် ဖမ်းရဆီးရတာ ခက်တာပေါ့။ ရဲရဲတင်းတင်းမသွားရဲဘူး။ အခုက လုံခြုံရေးအခြေအနေလည်း ပြန်ကြည့်ရသေးတာလေ”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်း သို့မဟုတ် တနင်္သာရီပင်လယ်ပြင်ကို အသုံးချကာ နိုင်ငံတကာဈေးကွက်သို့ မူးယစ်ဆေးသယ်ယူ ပို့ဆောင်နေကြသည်မှာ အနည်းဆုံးဆယ်စုနှစ်တစ်ခုခန့် ရှိနေပြီဖြစ်ကြောင်း ဝါရင့်ရေလုပ်ငန်းရှင်က ဆိုသည်။ တနင်္သာရီတိုင်းမှ ငါးဖမ်းလှေများမှ တစ်ဆင့် ထိုင်း၊ မလေးရှားနိုင်သို့ သွားမည်။ ထိုမှ တစ်ဆင့် ကုန်တင်သင်္ဘောကြီးများဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် နှင့် ဩစတေးလျားတို့ အထိ ဖြန့်ကျက်နေကြောင်း မကြာသေးမီက ဂျပန်အခြေစိုက် နီကိုင်းအေးရှား သတင်းဆောင်းပါး တစ်ရပ်တွင် ဖော်ပြထားသည်။

တနင်္သာရီကမ်းရိုးတန်းအတွင်း ပို့ဆောင်ချိန် အဆင်ချောရန်အတွက် မူးယစ်ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေးအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်များ မပါဝင်ဘဲ မဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။ တစ်ခါခါတော့ ကံဆိုးသူ မောင်ရှင်တို့ ဖမ်းမိတတ်ကြသည်။

“မူးယစ်ရဲက မပါဘဲနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူး။ အပေးအယူမတည့်တဲ့အချိန်မျိုးမှပဲ ဖမ်းမိတာများတယ်”

ဆက်စပ်လင့်

ဆေးမိ ပင်လယ်

ဝယ်ရလွယ်ပြီး စျေးပေါလာတဲ့ မူးယစ်ဆေးဝါး

ဖမ်းဆီးရမိမှုများ

(၁) ၂၀၂၄-ဖေဖော်ဝါရီ၁၇- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ငွေကျပ် ၄၅ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ၂၉၈ တန် ဖမ်းဆီးရမိ။ ရှမ်းပြည်နယ်မှ ရန်ကုန်မြစ်ဝကိုသယ်ပြီး။ယင်းမှ မင်းထက်သာ စက်လှေဖြင့် မလေးရှားရေပိုင်နက်ပို့ရန်။

(၂) ၂၀၂၄ – ဇန်နဝါရီ ၂၂- မလေးရှားနိုင်ငံရေပိုင်နက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၄၅ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်၊ လက်နက်/ခဲယမ်းများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ (မြိတ်ကလှေပိုင်ရှင် ဦးတင်ရှိန်ပါဖမ်းမိ)

(၃) ၂၀၂၄- ဇန် ၄-ကော့သောင်းပင်လယ်ပြင်ကိုသယ်ပြီး ယင်းမှတဆင့် ပြည်ပသို့ပို့မည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန် သယ်ဆောင်လာသည့် ရန်လင်းကျော်-၄ စက်လှေအား ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ၁၃၅ မိုင်ခန့်အကွာ၊ ပင်လယ်ပြင်တွင် ဖမ်းမိ

(၄) ၂၀၂၃-နို ၂၂ – ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ရေးမှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်တွင် ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့

(၅) ၂၀၂၃-အောက်တိုဘာ-၃၀-ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသည့် စက်လှေ တစ်စီးပေါ်က လှေသား ၇ ဦးတို့နဲ့အတူ GUANYINWANGစာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်းဖိုးအားဖြင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းမိခဲ့သည်။မလေးရှားရှိ မူးယစ်ဂိုဏ်းတို့နှင့် ချိတ်ဆက်ပြီး ရေကြာင်းလမ်းမှ ပို့ဆောင်နေဟု ထွက်ဆို

(၆) ၂၀၂၃- ဇွန် ၂၃ -ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရန်ကုန်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် ဒေါ်အင်စွမ် တင်ဆောင် လာသည့် ဆာလာအိတ်များအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၇၀၀)ဖမ်းမိ

(၇) ၂၀၂၂-နိုဝင်ဘာ ၉ – အက်ဒမန်ပင်လယ်ပြင်သို့သယ်ဆောင်သွားမည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိပြီး အလေးချိန်တစ်တန်ရှိသည့် ICE မူးယစ်ဆေးများကို ပင်လယ်သို့မရောက်မီ မြိတ်မြို့နယ် လယ်ကယ်ကျေးရွာအနီးတွင် မော်တော်ယာဉ် နှစ်စီးပေါ်တွင်ဖမ်းမိသည်။

The UNODC estimates that opiates constituted 2% to 4% of Myanmar’s GDP in 2023.