ထားဝယ်မြို့ပေါ် ကျောက်မော်ကြီးရပ်ကွက် အထက်တန်းကျောင်းအနီးတွင် ဗုံးတွေ့သောကြောင့် ဇွန်လ ၂၆ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
ကျောင်းအရှေ့ အနီးတွင်ရှိသည့် ကားလမ်းနံဘေး မြက်ခင်းတွင် ကားတာယာကွင်းများ ချထားပြီး မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ လမ်းပိတ်ပြီး ရှင်းလင်းနေသည်ကိုတွေ့ခဲ့ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ကလစ်နဲ့ ဗုံးအမျိုးအစားလို့တော့ ကနဦးကြားရတာပဲ။ သေချာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
နာရီဝက်ခန့်ကြာ ရှင်းလင်းပြီးနောက် ညနေ ၄ နာရီကျော်တွင် ခရီးသွားပြည်သူတွေကို သွားလာခွင့်ပြုလိုက်ကြောင်း မြို့ခံများက ပြောဆိုသည်။
ထားဝယ်မြို့ ပေါ်တွင် ယခုလအတွင်း မိုင်းနှင့် လက်နက်ပစ္စည်းများ မကြာခဏတွေ့လာရသည်။
ဇွန်လ ၁၇ ရက်တွင်လည်း ထားဝယ်မြို့လယ်ကောင် ဥတ္တံတားကြီးလမ်းဆုံ၌ မိုင်းနှစ်လုံးတွေ့ရှိခဲ့သည်။
မိုင်းနှစ်လုံးအနက် တစ်လုံးကို စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့ပြီး နောက်တစ်လုံးမှာ ရှင်းလင်းနေစဉ် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
အဆိုပါမိုင်းဖြင့် တိုက်ခိုက်မှုကို လောင်းလုံးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဇွန်လ ၁၇ ကထုတ်ပြန်ထားသည်။
ယင်းအပြင် ဇွန်လ ၂၁ရက်တွင်လည်း ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် မြို့ဝင်ဆိုင်းဘုတ်အနီး ၄၀ မမ ဗုံးနှစ်လုံး တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းခဲ့သေးသည်။