BREAKING
January 11, 2025

ရှမ်းမြောက် တစ်ကျော့ပြန်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားကြောင်း တအာင်းတပ်ပြော

June 27, 2024

Photo – PSLF/TNLA ပုံစာ - တအာင်းတပ် သိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ တစ်ကျော့ပြန် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း ၂၄ ခုကို သိမ်းယူထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။

တအာင်း တပ်မဟာ (၂) စစ်ဒေသဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါမြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ရက်တာ တိုက်ပွဲကာလအတွင်း ကျောက်မဲမြို့နယ်တွင် နားအိုက်ခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းစသော စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

နောင်ချိုမြို့နယ်တွင် ခမရ (၁၁၅) ၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသော စစ်ကောင်စီစခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။

မိုးကုတ်မြို့နယ်တွင်လည်း ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား သိမ်းယူနိုင်ခဲ့ကြောင်း TNLA က ဆိုသည်။

ယင်းအပြင် လက်နက်မျိုးစုံ ၅၁ လက်၊ RPG – 7 တစ်လက်၊ ၆၀ မမ တစ်လက်၊ စက်လတ် တစ်လက်၊ ကားနှစ်စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေးပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၂၀ ရရှိကြောင်းလည်း ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခြင်း၊ လက်နက်ငယ်ကျည်ထိမှန်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ခြောက်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရကြောင်း TNLA က ထုတ်ပြန်ထားသည်။