မန်ယူအသင်းပိုင်ရှင်သစ် မည်သူဖြစ်လာမည်ဆိုသည့် အဆုံးအဖြတ်ကို သိရှိခွင့်ရရန်အတွက် အချိန်အနည်းငယ်သာ လိုတော့ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်က သတင်းရေးသားဖော်ပြလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
မန်ယူသည် တတိယလပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်တော့မည်ဖြစ်ကာ ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ပြီးသည်နှင့်တပြိုင်နက် အသင်းပိုင်ရှင်သစ် မည်သူဖြစ်သည်ဆိုခြင်းကို ဂလေဇာမိသားစုက ထုတ်ပြန်ကြေညာပေးဖွယ်ရှိသည်ဟု Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်က ဆိုသည်။
မန်ယူအသင်း၏တတိယလပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာပြီးနောက် ၂၄ နာရီအတွင်း၌ မန်ယူ၏အသင်းပိုင်ရှင်သစ် မည်သူဆိုသည်မှာ အဖြေပေါ်လာလိမ့်မည်ဟု သတင်းရေးသားဖော်ပြမှုများလည်း ရှိနေသည်။
အချို့သောသတင်းရင်းမြစ်များကမူ မန်ယူအသင်းပိုင်ရှင်သစ် မည်သူဖြစ်မည်ဆိုခြင်းမှာ ဇွန်လမကုန်မီတွင် အဖြေပေါ်လာလိမ့်မည်ဟု ရေးသားနေကြသည်။ လက်ရှိတွင် မန်ယူကို ဝယ်ယူရန်အတွက် ဗြိတိန်ဘီလျံနာ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်နှင့် ကာတာဘီလျံနာ ရှိတ်ခ်ဂျတ်စ်ဆင်းမ်တို့က အပြိုင်အဆိုင် ကမ်းလှမ်းထားပြီးဖြစ်သည်။
Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်သည် မန်ယူအသင်းပိုင်ရှင်သစ်ဖြစ်လာမည့်သူမှာ ရှိတ်ခ်ဂျတ်စ်ဆင်းမ် သာ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း သတင်းနိဂုံးတွင် သုံးသပ်ချက်အဖြစ် ရေးသားထားပြီး မန်ယူအသင်းအနေနှင့် အသင်းပိုင်ရှင်သစ်ကို အတည်ပြုထုတ်ပြန်ပြီးမှသာ ကစားသမားသစ်ခေါ်ယူရေးအတွက် နွေဈေးကွက်သို့ အဆင်ပြေပြေ ဝင်ရောက်နိုင်ဖွယ်ရှိလိမ့်မည်ဟုလည်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီဖြစ်သည်။
