သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းမရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ်ဆေးရေးဂိတ် ဇွန်လ ၂၆ရက်က တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။
ဇွန်လ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်က ရွှေဂူစစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရွှေဂူတံတား စစ်ဆေးရေးဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း စစ်ဆေးရေးဂိတ်အနီးရှိ ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“လက်နက်ကြီး ပစ်သံကနည်းနည်းပဲ။ လက်နက်ငယ်ပစ်သံတွေ အများဆုံးကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်မှု အသေးစိတ်အခြေအနေကို မသိရသေးပေ။
ထားဝယ်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာလျှင် ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဝရွာနှင့် ရွှေဂူစစ်ဆေးရေးဂိတ်ရှိပြီး ထိုမှတစ်ဆင့်သွားလျှင် ညောင်ဇင်ရွာ၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွရွာတို့ ရှိသည်။
ရွှေဂူတံတားတွင် တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်က ပစ်ခတ်သံများကြားရပြီးနောက် သရက်နှစ်ခွရွာပြင်ဘက်ရှိ ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဂိတ်က ည ၇ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း သရက်နှစ်ခွရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
“ရွာထဲက အိမ်တွေအတော်များများ လက်နက်ကြီးကျည်စထိမှန်တာရှိတယ်။ တော်တော်များများဆို တော်တော် များများပဲ။ ကျွန်မတို့ ဘေးအိမ်မှာလည်း အိမ်ခေါင်မိုးပေါ် လာစင်တာရှိတယ်” ဟု ၎င်းက ဆိုသည်။
သရက်နှစ်ခွရွာ စစ်ဆေးရေးဂိတ်ဟု လူသိများသည့် ဥတ္တူတံတားဂိတ်က တစ်ဖက်သတ် ခြောက်လှန့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ နံနက် ၅ နာရီကျော်က အဆိုပါဂိတ်အနီး နွားစာသွားရိတ်သည့် အသက် ၅၀ ကျော် ရွာခံအမျိုးသားကြီး တစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သဖြင့် ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။