BREAKING
February 28, 2025

ကျောင်းနိမ့်ရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အမျိုးသားတစ်ဦးသေဆုံး

June 27, 2023

ပုံစာ - ကျောင်းနိမ့်ရွာတွင်းတနေရာ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နေ့ ညနေတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးရဲဝင်းဆိုသူ သေဆုံးခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ကြီးအစ ရင်ဘတ်ကို မှန်ပြီး ထိုင်လျက် သေနေတာ။ သေနေမှန်းကို အိမ်နားနီးချင်းတွေ ရုတ်တရက် မသိကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဦးရဲဝင်း၏ မိသားစုမှာ ပလမြို့တွင် ခေတ္တနေထိုင်ဆေးကုနေကြပြီး ၎င်းတစ်ဦးတည်း ရွာသို့ ပြန်လာနေထိုင်ချိန် သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဇွန်လ ၂၅ ရက် နံနက်ကမူ ပုလောမြို့နှင့် အနီးဆုံးရွာဖြစ်သည့် မကျည်းကုန်းရွာ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံခဲ့ရပြီး ယနေ့ ညနေပိုင်းတွင် ကျောင်းနိမ်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ယခင်ကလည်း ကျောင်းနိမ့်ရွာဘက်သို့ ပုလောမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်သည့်အတွက် အရပ်သားအချို့ သေဆုံးရသလို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်သည့်အတွက်လည်း ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

ထို့ကြောင့် ဒေသခံအများစုမှာ ရွာတွင် မနေရဲဘဲ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲမဖြစ်ဘဲလည်း သူတို့ပစ်ချင်တဲ့အချိန် ထထပစ်တယ်။ တချို့ဆို ရွာကို ခဏတောင် မပြန်ရဲကြဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျက်ဂါ စသည့်ကျေးရွာများမှ ဒေသခံအများစုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး တိုက်ပွဲမဖြစ်ချိန်တွင် ဒေသခံအချို့ ရွာ၌ ပြန်လာနေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။