သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာစာသင်ကျောင်းကို ဇွန်လ ၁၅ရက်တွင် နောက်ဆုံးထားဖွင့်လှစ်ရန် မြို့နယ် စစ်ကောင်စီတာဝန်ရှိသူများက ပြောဆိုထားသော်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။
ရွာအပြင်ဖက် ထားဝယ်-မြိတ် ကားလမ်းဘေးတွင်တည်ရှိသည့် သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲကို ဇွန်လ ၅ရက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကျောင်းမဖွင့်ရန်၊ ကျောင်းဖွင့်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းနောက် ဆရာမများလည်း ကျောင်းမသွားရဲတော့သလို ကျောင်းသားမိဘများလည်း သားသမီးများကို ကျောင်းဆက်မပို့ရဲတော့ကြောင်း ဒေသခံအချို့နှင့် ဆရာမတစ်ဦးက ပြောဆိုသည်။
ဇွန်လ ၇ ရက်တွင် စစ်ကောင်စီတပ်ရောက်ရှိလာပြီး တစ်အိမ်တစ်ဦး ကျောင်းသို့ ခေါ်ကာ အစည်းအဝေးလုပ်ကြောင်း ဒေသခံတို့က ပြောသည်။
တိုင်းနှင့် မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူအချို့နှင့် မြို့နယ်ထွေအုပ်က တာဝန်ရှိသူအချို့တို့ပါဝင်ပြီး ကျောင်းကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားဖွင့်လှစ်ရန် ပြောဆိုခဲ့သည်ဟုဆိုသည်။
သို့သော် သရက်နှစ်ခွရွာက အထက်တန်းကျောင်းခွဲမှာ ဇွန်လ ၂၆ ရက်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသလို ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသွားသည်ကိုလည်း မတွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။
“ဘယ်သူက သွားရဲမလဲ။ ကျောင်းဖွင့်တာလည်းမတွေ့သလို ဆရာမတွေလည်းသွားတာ မတွေ့မိဘူး” ဟု သရက်နှစ်ခွရွာက အမျိုးသားတစ်ဦးက ပြောသည်။
သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲတွင် သရက်နှစ်ခွ၊ ဥတ္တူ၊ သင်းကျွန်း၊ ရန်တောင်စတဲ့ကျေးရွာမှ ကျောင်းသူ၊ ကျောင်းသား ၁၃၀ ကျော် တက်ရောက်ခဲ့သည့် ကျောင်းဖြစ်သည်။
ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ဆရာမများက မိဘအုပ်ထိန်းသူများကို ကျောင်းပြောင်း၊ ကျောင်းထွက် လက်မှတ်များ ထုတ်ပေးသည်ကို တွေ့ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ရွာမှာ ကျောင်းဆက်မထားရဲသဖြင့် မိဘများက ၎င်းတို့၏ သားသမီးများကို နီးစပ်ရာကျေးရွာက ကျောင်းများတွင် ပြောင်းထားကြသလို အချို့မှာ ထားဝယ်မြို့ပေါ်ကျောင်းသို့ ပြောင်းထားကြကြောင်း ဒေသခံအမျိုးသမီး နောက်တစ်ဦးက ပြောဆိုသည်။
စစ်အာဏာမသိမ်းခင်က သရက်နှစ်ခွာရွာစာသင်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၃၅၀ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ်က ကျောင်းသူ၊ ကျောင်းသား ၆၀ ကျော်သာ ရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။