BREAKING
October 19, 2024

ထိုင်းသို့ အဝင်တုံးမထုထားသော နိုင်ငံကူးလက်မှတ်များကို သက်တမ်းမတိုးပေးဟုဆို

May 27, 2024

ပုံစာ - ပြီးခဲ့သောနှစ်က မြန်မာလုပ်သားများ စာအုပ်သက်တမ်းတိုးရန် ရက်ချိန်းတိုကင်ရရှိရေး သံရုံးရှေ့ တန်းစီနေစဉ်

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) လာရောက်ပြုလုပ်သူနည်းနေသဖြင့် ထိုင်းသို့ ပြည်ဝင်ခွင့် တံဆိပ်တုံး မထုထားသော နိုင်ငံကူးလက်မှတ်စာအုပ်များကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးခွင့် မပေးတော့ကြောင်း သံရုံးနှင့် နီးစပ်သူများ၊ အကျိုးဆောင်များထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ပါက အခြေခံအလုပ်သမားဗီဇာ (Non L-A) ကို ထည့်သွင်းအသုံးပြုရန် CI စာအုပ် သို့မဟုတ် နိုင်ငံကူးလက်မှတ်များ လိုအပ်သည်။

အကယ်၍ ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာပြီး နိုင်ငံကူးလက်မှတ် (PV၊ PJ) စာအုပ်ပါခဲ့ပါက ယင်းအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိသည်။

အလုပ်သမားဗီဇာထည့်သွင်းအသုံးပြုနေသော နိုင်ငံကူးလက်မှတ်စာအုပ်များသည် စာအုပ်သက်တမ်းကုန်ဆုံးပါက အဝင်တုံး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခင်က ဘန်ကောက်ရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးခွင့်ပေးခဲ့ကြောင်း အကျိုးဆောင်များ ထံမှ သိရသည်။

နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းကုန်ဆုံးပြီး ကျော်လွန်နေပါက ဒဏ်ကြေး ဘတ် ၃၆၅၀ ကို သံရုံးထံပေးသွင်း၍ သက်တမ်းတိုးခွင့်ပေးနေခြင်းဖြစ်သည်။

သို့သော်လည်း ယခု မေလ ၉ ရက်ခန့်မှစ၍ နိုင်ငံကူးလက်မှတ်တွင် အဝင်တုံး၊ အထွက်တုံး မထုထားပါက PV ဖြစ်စေ၊ PJ ဖြစ်စေ သက်တမ်းကုန်နေသော နိုင်ငံကူးလက်မှတ်စာအုပ်များကို ဘန်ကောက်ရှိ မြန်မာသံရုံးက သက်တမ်းတိုးခွင့် မပေးတော့ကြောင်း အကျိုးဆောင်များ၊ သံရုံးနှင့် နီးစပ်သူများက ပြောသည်။

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ထားသော မြန်မာအလုပ်သမားသည် CI စာအုပ် မပြု လုပ်ကြဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ကို သက်တမ်းတိုး အသုံးပြုနေကြသဖြင့် သံရုံးဘက်က တင်းကျပ်လိုက်ခြင်းဖြစ်နိုင် ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“CI စာအုပ်လုပ်မယ့်သူမရှိတော့ ဒီဘက်ရုံး (သံရုံး) ကို လာပြောတယ်။ (သံရုံး) ဒီရုံးက ပတ်စ်ပိုစ့်တွေလုပ်ပေးနေတော့ CI တွေ လာမလုပ်ကြတော့ဘူးလို့။ အဲဒီတော့ သံရုံးက မလုပ်ပေးတော့တာ။ CI စခန်းတွေ စားပေါက်ပိတ်လို့ဖြစ်မယ်” ဟု မြန်မာသံရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကယ်၍ အခြေခံအလုပ်သမားဗီဇာထည့်သွင်းထားသော မြန်မာအလုပ်သမားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုပါက စာအုပ်တွင် အဝင်တုံးရှိရမည်ဖြစ်သဖြင့် လမ်းကြောင်းတစ်ခုခုဖြင့် အဝင်တုံးထုထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မရပါက မြန်မာအလုပ်သမားများသည် CI စာအုပ်ကို ပြန်လည်ပြုလုပ်ရမည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ထားဝယ်ဒေသခံ အကျိုးဆောင်တစ်ဦးက ပြောဆိုသည်။

“အစ်မတို့ အရင်တစ်ခေါက်က သွားလုပ်တဲ့သူတွေကို သူတို့ (သံရုံး) သက်တမ်းတိုးခွင့် မပေးတော့ဘူး။ အကုန်လုံးကို မြန်မာပြည်ပြန်ပြီး တိုးကြဖို့ ပြောလွှတ်လိုက်တယ်။ အဲဒီလိုဆိုတော့ အခု CI ထပ်လုပ်ရမလို ဖြစ်နေကြပြီ။ ပိုခက်ခဲလာ ကြတယ်ကွယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စာအုပ်သက်တမ်းကုန်ဆုံးတော့မည့် အလုပ်သမားများက နယ်စပ်သို့သွား၍ အဝင်အထွက်တုံး ထုရမည်လော၊ CI စာအုပ် ပြန်လုပ်ရမည်လော စသဖြင့် ဗျာများနေကြကြောင်း စူရတ်က အကျိုးဆောင်တစ်ဦးက ဆိုသည်။

“ကျွန်တော့်ကို လာအပ်တဲ့ အလုပ်သမားတွေဆို ၁၀၀ မှာ ၉၀ လောက်က အဝင်တုံးတွေ မရှိကြဘူး။ အဲဒီတော့ သူတို့ကို ဘာလုပ်သင့်လဲဆိုတာ အကြံလည်း မပေးတတ်တော့သလိုပဲ။ သူတို့ကိုယ်တိုင်လည်း ဘာဆက်လုပ်ရမလဲ အဖြေမရှိကြဘဲ ဖြစ်နေကြတယ်။ တော်တော်များများ ခက်ခဲအောင် လုပ်နေကြတာပဲ” ဟု ၎င်းက ပြောဆိုသည်။

ဘန်ကောက်ရှိ မြန်မာသံရုံးဘက်က ကြိုတင်ကြေညာခြင်းမရှိဘဲ ကန့်သတ်လိုက်သဖြင့် နယ်ဝေးက လာရောက်ပြုလုပ်သူများ အချိန်ကုန် ငွေကုန်ပြီး အခက်အခဲများ ကြုံတွေ့နေရပြီး နယ်စပ်ပြန် အဝင်အထွက်တုံးထုရန်လည်း မဖြစ်နိုင်ကြောင်း အကျိုးဆောင်များထံမှ သိရသည်။

စာအုပ်သက်တမ်းတိုးခွင့်မပေးတော့ဘဲ တင်းကျပ်လိုက်မှုအခြေအနေနှင့် ပက်သက်၍ ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံ အရာရှိထံ မေလ ၂၅ရက်ညနေပိုင်းတွင် ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ပြီးခဲ့သောနှစ်များက မြန်မာအလုပ်သမား ၁၁ သိန်းကျော်ကို CI စာအုပ်ထုတ်ပေးထားပြီး ယခုနှစ်တွင် နောက်ထပ် CI စာအုပ် ပြုလုပ်ရန် အလုပ်သမား ၈ သိန်းကျော်ရှိနေသေးကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။