BREAKING
October 19, 2024

အမှိုက်ကားဖြင့် တရားမဝင်လိုက်ပါလာသည့် မြန်မာ ၃၀ဦး ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

May 27, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အမှိုက်သယ်ကားထဲ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၀ ဦး ယနေ့ မေလ ၂၇ ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဘုရားသုံးဆူနယ်စပ်ဖြစ်သော စန်ခရာဘူရီဒေသတွင် စစ်ဆေးရေးဂိတ်က အရာရှိများက ကြိုတင်သတင်း ရရှိထားသဖြင့် အမှိုက်နှင့် ပစ္စည်းအဟောင်းများ သယ်ဆောင်လာသော ၆ ဘီးတပ်ကုန်တင်ကားကို တားဆီး စစ်ဆေးရာမှ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများသည် ကားနောက်ရှိ အမှိုက်များအောက် ပြုလုပ်ထားသော အခန်းငယ်တွင် လိုက်ပါလာကြပြီး ကားပေါ်တွင် မြန်မာအမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၉ ဦး၊ အရွယ်မရောက်သေးသော ကလေးငယ် ၃ ဦးတို့ လိုက်ပါလာ ကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့နှင့်အတူ ထိုင်းကားသမား ၂ ဦးကိုလည်း ဖမ်းမိကြောင်း ရေးသားထားသည်။

မြန်မာနိုင်ငံသားများသည် ပဲခူး၊ မွန်၊ ကရင်၊ မန္တလေး၊ ရန်ကုန်တို့က ဖြစ်ကြပြီး အယုဒ္ဓယ၊ ဘန်ကောက်နှင့် ချွန်ဘူရီခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

ခရီးစဉ်အတွက် မြန်မာပွဲစားများကို ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေခဲ့ရကြောင်း မြန်မာများက ထွက်ဆိုထားသည်။

အားလုံးသည် စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ထွက်ပြေးလာသူများဖြစ်ပြီး စီးပွားရေးအဆင်မပြေမှု များကြောင့် ထိုင်းတွင် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာများက ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေးအတွက် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

Ref: CH 7 News, Vanguard